ကျောင်းသားသပိတ် ဖြိုခွဲခံရမှု ကန့်ကွက် ဆန္ဒပြ

ဓာတ်ပုံ မူပိုင် epa
Image caption ဆန္ဒပြကျောင်းသားတွေ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရမှုကို ကန့်ကွက်ကြောင်း မန္တလေးမြို့လည်မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြ

မတ်လ ၁၀ ရက်နေ့တုန်းက လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွဲခံခဲ့ရအပြီး ဖမ်းဆီး ခံထားသူတွေအားလုံးကို အမြန်ဆုံး ပြန်လွှတ် ပေးဖို့ မန္တလေးမြို့မှာ လူ ၃၀ဝ ဝန်းကျင် လောက် မြို့ထဲမှာ လှည့်လည် ဆန္ဒပြခဲ့ ကြပါတယ်။

အဝတ်စ အဖြူပေါ်မှာ "ငါတို့ဟာ ကျောင်းသား တွေ ဖြစ်တယ်၊ ငါတို့ ရပိုင်ခွင့်ကို လေးစားပါ" လို့ အင်္ဂလိပ်လို ရေးထားတဲ့ လက်ပတ် အဖြူတွေ ပတ်ထားသူတွေ၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် လက်ပတ်အနက် ပတ်ထားသူတွေ၊ ရင်ထိုးအနက်နဲ့ ရင်ထိုးအဖြူမှာ နှင်းဆီအဖြူနဲ့ အကြမ်းဖက်မှုရပ် ဆိုတဲ့ တံဆိပ် တပ်ဆင်ထားသူတွေ ပါဝင်တဲ့ ဆန္ဒပြ အင်အား ၃၀ဝ လောက်ဟာ မန္တလေး ချမ်းအေးသာစံ မြို့နယ်ထဲ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြ လူအုပ်ထဲမှာ လက်ပံတန်းတုန်းက အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ ကျောင်းသားတွေ ပါသလို အလုပ်သမားတွေ ၊ လယ်သမားတွေနဲ့ သတင်းသမားတွေလည်း ပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်။

အခု ဆန္ဒပြပွဲဟာ ဆန္ဒပြခွင့် ခွင့်ပြုမိန့်နဲ့ ပြတဲ့အတွက် တားဆီး အရေးယူတာမျိုး မရှိပဲ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လုံခြုံရေး လိုက်ယူပေးတာမျိုး လုပ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ၂နာရီကျော် လှည့်လည် ဆန္ဒပြအပြီး မြတောင်တိုက်ရှေ့ကို ပြန်ဝင်ပြီး အေးအေးချမ်းချမ်းနဲ့ လူစုခွဲသွားခဲ့ပါတယ်။

ရန်ကုန်မြို့က အင်းလျား ကန်ဘောင်မှာလည်း ကဗျာဆရာတွေ၊ ကျောင်းသားအရေး လှုပ်ရှားနေသူတွေက လက်ပံတန်းသပိတ်မှာ အဖမ်းခံခဲ့ရသူတွေရဲ့ နာမည်တွေကို ပူပေါင်းအနက်တွေ၊ စာရွက် အဝါရောင်တွေပေါ်မှာ ရေးပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။

အင်းလျားကန် အနောက်ဘက် ဘောင်ပေါ်မှာ ဆန္ဒ ထုတ်ဖေါ်ကြသူတွေဟာ အစက ရာဂဏန်းပဲ ရှိပေမယ့် နောက်ပိုင်းမှာ ထောင်ဂဏန်းလောက် ရှိသွားတယ်လို့ ဒီပွဲမှာ ပူးပေါင်း ပါဝင်တဲ့ ၈၈ ကျောင်းသားဟောင်းလည်းဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ကိုဘသက်အောင်က ပြောပါတယ်။

ဒီပွဲကိုလည်း သက်ဆိုင်ရာက စောင့်ကြည့် သတင်းယူတာက လွဲလို့ တားဆီး ဟန့်တား တာတွေ မလုပ်ခဲ့ဘူးလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့မှာလည်း ချင်းတွင်း လူငယ်ကွန်ရက်က ဦးဆောင်ပြီး ဖမ်းဆီးခံ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ လူ ၁၀ဝလောက် ဆန္ဒပြခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ အာဏာပိုင်တွေက လက်ပံတန်း ကျောင်းသား သပိတ်မှာ လွတ်သွားခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုရဲရင့်ကျော် ၊ ကိုနန္ဒာ စစ်အောင်နဲ့ ကိုမင်းနိုင်လွင် တို့ကို ဖမ်းဆီးနိုင်ဖို့ အပူတပြင်း လိုက်လံ ရှာဖွေနေတယ်လို့ မိသားစုဝင်တွေ အပြောအရ သိရပါတယ်။