သမိုင်းဝင် အဆောက်အဦမှာ ပုဂ္ဂလိက ပါတီပွဲ မလုပ်သင့်

Rangoon ဓာတ်ပုံ မူပိုင် AP
Image caption ရန်ကုန်က သမိုင်းဝင် အဆောက် အဦ

အခုရက်ပိုင်း အတွင်း လူမှု ကွန်ရက်သတင်း တွေမှာ ဝေဖန်ပြောဆိုသံတွေ ထွက်နေတဲ့ သမိုင်းဝင် အတွင်းဝန် ရုံးကြီးမှာ ဧည့်ခံပွဲ လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက စုံစမ်း စစ်ဆေးဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေက သူ့အနေနဲ့တော့ သမိုင်းဝင် အဆောက်အဦကြီးနေရာမှာ မွေးနေ့ပွဲ၊ ဧည့်ခံပွဲတွေ လုပ်တာ လက်မခံနိုင်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီလို ပြုလုပ်ခြင်းအာဖြင့် သမိုင်းဝင် အဆောက် အဦကြီးရဲ့ ပုံရိပ်နဲ့ သိက္ခာကို ထိခိုက်နိုင်တယ်လို့ လည်းသူက ပြောပါတယ်။

ဒီအဆောက် အဦကြီးကို ပြတိုက်လုပ်ဖို့ လိုင်စင် ရထားတဲ့ အနော်မာ အဖွဲ့ကတော့ မွမ်းမံ ပြင်ဆင်ရေးတွေ အတွက် သူတို့ အစီအစဉ်တွေကို မိတ်ဆွေတွေနဲ့ ပညာရှင်တွေကို ခေါ်ရှင်းပြတာ ဖြစ်ပြီး လိုအပ်တဲ့ ကုန်ကျစရိတ်ငွေ ရှာဖွေနိုင်ဖို့ ကြိုးပမ်းချက်သာ ဖြစ်တယ်လို့ လူမှု ကွန်ရက်မှာ ရှင်းပြထားပါတယ်။

မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဒီကိစ္စကို စုံစမ်း စစ်ဆေးမယ်လို့ ဆိုပါတယ်။