ကျူးကျော်ပုဒ်မတွေနဲ့ ထောင်ချခံရတဲ့ သက်ကြီးတွေ များလာ

Michaungkan Camp
Image caption မိကျောင်းကန် သပိတ် ဖြိုခွင်း ဖမ်းဆီးစဉ် ကလည်း သက်ကြီးရွယ်အိုတွေ ပါခဲ့

မြန်မာ နိုင်ငံမှာ လယ်ယာမြေတွေ အသိမ်းခံကြရပြီး မြေလွတ် မြေရိုင်းပေါ် ကျူးကျော်တဲ့ ဥပဒေ၊ စည်ပင်မြေပေါ်မှာ ကျူးကျော်တဲ့ ဥပဒေ တွေဖြစ်တဲ့ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇ တို့နဲ့ ပြစ်ဒဏ် ချမှတ်ခံကြ ရသူတွေ အများ အပြားထဲမှာ အသက် ၈၀ ကျော် အရွယ် သက်ကြီး ရွယ်အိုတွေပါ ထောင်ချ ခံရတယ်ဆိုတဲ့ သတင်းတွေ အခုတလော ထွက်ပေါ်လာပါတယ်။

မိရိုးဖလာ အစဉ် အဆက် နေထိုင် ကြတဲ့ တောင်သူတွေ စိုက်ပျိုး လုပ်ကိုင် နေတဲ့ မြေတွေမှာ မြို့ပြ တည်ဆောက်တဲ့ နေရာမှာ လယ်ယာမြေ နိုင်ငံပိုင် ဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေတို့နဲ့ လုပ်ထုံး လုပ်နည်း အတိုင်း သိမ်းယူတာ မဟုတ်ဘဲ စည်ပင်သာယာ နယ်နိမိတ်ဖြစ်သွားပြီ ဆိုပြီး နှင်ထုတ်၊ တရားစွဲတာတွေ လုပ်ခဲ့ တယ်လို့ မြေသိမ်းခံ ပြည်သူတွေ အတွက် ဥပဒေကြောင်းအရ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးမြင့်သွင်က ပြောပါတယ်။

အဲဒီလို သိမ်းယူထားတဲ့ မြေတွေကို ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေနဲ့ အစိုးရ ဌာန တွေကို ခွဲဝေ ပေးကြတယ်လို့လည်း သူက ပြောပါတယ်။

တောင်သူတွေဟာ ခေတ် အဆက်ဆက် အစိုးရတွေ လက်ထက်မှာရော အခု အစိုးရ လက်ထက်မှာပါ ဥပဒေ အရ အကာအကွယ် ပေးခံရတာ မရှိဘူးလို့လည်း ဦးမြင့်သွင်က ပြောပါတယ်။

အခု အစိုးရ လက်ထက်မှာတော့ မြေကျူးကျော်မှုဥပဒေတွေနဲ့ ဖမ်းဆီးခံရတဲ့ သက်ကြီး ရွယ်အိုတွေ ပိုများလာရာမှာ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ အများ အပြား တွေ့ရတယ်လို့ သူက ပြောပါတယ်။

သူတို့ နှစ်ပေါင်းများစွာ အစဉ် အဆက် လုပ်ကိုင်ခဲ့တဲ့ မြေတွေကို ပိုင်ဆိုင်ခွင့် ရနိုင်ဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက လယ်ယာမြေကို နိုင်ငံတော်က ပိုင်တယ်လို့ ပြဌာန်း ထားတဲ့ အချက်ကို ပြင်ဆင်ဖို့ လိုတယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။

ဒါ့အပြင် ရှေ့နေတွေ အနေနဲ့လည်း နိုင်ငံသားတွေရဲ့ အခွင့် အရေး ထိပါးခံရတဲ့ အခါ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ လျှောက်ထားနိုင်တယ် ဆိုတဲ့ ဥပဒေတွေကို နှံ့စပ်အောင် လေ့လာပြီး သက်ကြီး ရွယ်အိုတွေနဲ့ နိုင်ငံသားတွေကို အကာအကွယ် ပေးသင့်တယ်လို့လည်း သူက ပြောပါတယ်။

လွှတ်တော်ပိုင်းက ဆိုရင်လည်း ကိုယ်စားလှယ်တွေက နိုင်ငံသားတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ထိတွေ့ပြီး တိုင်းပြည်နဲ့ ရပ်ရွာ အကျိုး လုပ်ဖို့ လိုတဲ့ အပြင် အဆိုတင် မေးခွန်း မေးတာနဲ့ ဥပဒေ မူကြမ်းတွေ ရေးဆွဲဖို့ လိုတယ်လို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ