စစ်ဖက် အရပ်ဖက် ဝန်ထမ်းတွေ လစာ အမြောက်အမြားတိုး

Burmese Kyats ဓာတ်ပုံ မူပိုင် AFP
Image caption လခတွေတိုးလို့ ကုန်စျေးနှုန်းတွေ လိုက်တက် မှာကို စိုးရိမ်နေ

မြန်မာ နိုင်ငံမှာလာမယ့် ဧပြီလ ၂၀၁၅ ၂၀၁၆ ဘဏ္ဍာနှစ်က စတင်ပြီး တပ်မတော်နဲ့ အရပ်ဘက်ဝန်ထမ်းလစာတွေ တိုးမြှင့် ပေးမယ်လို့ အစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

လက်ရှိ လစာထက် အနည်းဆုံး ၆၀ ရာခိုင်နှုန်းကနေ အများဆုံး ၁၅၀ ရာခိုင်နှုန်းအထိ ရာထူးအလိုက် လစာတွေ တိုးသွားကြမှာ ဖြစ်ပါတယ်။

လစာနှုန်းထား အများဆုံး တိုးသူတွေက တပ်မတော်အရာရှိကြီးတွေ ဖြစ်တာ တွေ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးအဆင့်က ၁၂ သိန်းကနေ သိန်း၃၀ ဖြစ်သွားပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး အဆင့်က ၁၀ သိန်းကနေ ၂၅ သိန်း အထိ တိုးသွားပါတယ်။

သူတို့က လခက နှစ်ဆခွဲ တိုးသွားတာ ဖြစ်ပြီး ရာခိုင်နှုန်း အားဖြင့် ဆိုရင် ၁၅၀ ရာခိုင်နှုန်း တိုးသွားတာပါ။

တပ်သားနဲ့ အောက်ခြေ အဆင့် အရပ်ဖက် ဝန်ထမ်းတွေ ကတော့ ၇ သောင်း ခွဲလောက် ကနေ တစ်သိန်း နှစ်သောင်းလောက် ဖြစ်သွားလို့ ၆၀ ရာခိုင်နှုန်းတိုးပြီး လက်ရှိလစာရဲ့ တစ်ဆခွဲ ပိုရမှာ ဖြစ်ပါတယ်။

အရပ်ဖက်က အရာရှိကြီးတွေ ဖြစ်တဲ့ ညွန်ကြားရေးမှူးချုပ်နဲ့ ဦးဆောင် ညွှန်ကြားရေးမှူးတို့ရဲ့ လစာတွေလည်း ၂ သိန်းခွဲကနေ ၅ သိန်း အထိ နှစ်ဆ တက်သွားပါတယ်။

အခုလို လစာတိုးတဲ့ နှုန်းထားတွေအရ အဆင့်မြင့် အရာရှိကြီးတွေရဲ့ လစာ တိုးနှုန်းက အခြေခံ ဝန်ထမ်းတွေထက် ပိုများတဲ့ အတွက် သာမန်အားဖြင့် ကြည့်ရင် မညီမျှတာ တွေ့ရပါတယ်။

စီးပွားရေး ပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က တော့ တာဝန်ကြီးကြီး ယူရသူတွေကို လစာ ပိုပေးတဲ့ သဘောလို့မြင်ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေး အရည်အသွေး မြင့်မားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို လစာတွေ တိုးပေးတာလို့လည်း သူက သုံးသပ် ပါတယ်။

လစာတိုးမယ်ဆိုတာကို ဝန်ထမ်းတွေက ဝမ်းသာပေမဲ့ ကုန်စျေးနှုန်းတွေ တက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ပြောင်းလဲ တိုးမြှင့်ပေးလိုက်တဲ့ လစာငွေကို စတင် ရရှိချိန်က စတင်ပြီး နိုင်ငံ့ဝန်ထမ်း အားလုံးကို သူတို့ လစာငွေအပေါ်ထပ်ဆောင်း ပေးခဲ့တဲ့ အပို ထောက်ပံ့ကြေးငွေတွေကို ပယ်ဖျက်မှာ ဖြစ်တယ်လို့ မတ်လ ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ