အမေရိကန် မြန်မာ ကုန်သွယ်ရေးဆက်ဆံမှု အခြေအနေနဲ့ အလားအလာ

Leader of the US House of Representatives Nancy Pelosi ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် အောက်လွှတ်တော် ဒီမိုကရက် ပါတီ ခေါင်းဆောင် နန်စီ ပလိုစီ

အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် Nancy Pelosi ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့က မြန်မာ နိုင်ငံကို ရောက်ရှိလာပါတယ်။

လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ လူ့ အခွင့် အရေး ကိစ္စနဲ့ ကုန်သွယ်ရေး တိုးမြှင့် ဆောင်ရွက်ရေး ကိစ္စရပ်တွေ ဆွေးနွေးဖို့ နန်စီ ပလိုစီ မြန်မာ နိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန် သံရုံးက ထုတ်ပြန် ထားပါတယ်။

သူ့ခရီးစဉ် အတွင်း မြန်မာ အစိုးရ အဆင့်မြင့် ခေါင်းဆောင်တွေ အပြင် လွှတ်တော်က တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

လက်ရှိ အမေရိကန်နဲ့ မြန်မာ ကုန်သွယ်ရေး အနေအထားက စီးပွားရေး ပိတ်ဆို့မှု မတိုင်ခင် အချိန်က မြန်မာ့ အထည်ချုပ် ပို့ကုန်ရဲ့ ထက်ဝက်ဟာ အမေရိကန်ကို ပို့ခဲ့တာ ဖြစ်ပြီး ပိတ်ဆို့မှု နောက်ပိုင်းမှာ စျေးကွက် ပြောင်းသွားတယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာန အကြံပေး ပုဂ္ဂိုလ် ဖြစ်သူ စီးပွားရေး ပညာရှင် ဒေါက်တာ မောင်အောင်က ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ထွန်းကားလာတဲ့ လုပ်သား အခြေပြု စက်မှု လုပ်ငန်းတွေနဲ့ မူလ ထွက်ကုန်တွေကို တန်ဖိုးမြှင့် လုပ်ငန်းတွေမှာ နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်မယ် ဆိုရင် အကျိုးရှိနိုင်တယ်လို့ ဒေါက်တာ မောင်အောင်က ပြောပါတယ်။

ဒါ့အပြင် တရုတ်၊ အိန္ဒိယ တို့နဲ့ ပူးပေါင်းပြီး လမ်းဖောက်လုပ်ရေးလို အခြေခံ အဆောက်အဦ တည်ဆောက်မှုတွေ လုပ်နေတဲ့ မြန်မာ နိုင်ငံကို အမေရိကန်က လုပ်ငန်းတွေ လာရောက် အခြေစိုက်မယ် ဆိုရင် အကျိုးရှိနိုင်တယ်၊ မြန်မာ နိုင်ငံဟာ အာရှရဲ့ စီးပွားရေး အချက်အချာ ဗဟိုဌာနကြီး ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဥရောပနဲ့ ဂျပန်လို တခြား နိုင်ငံတွေမှာပါ စျေးကွက်တွေ ရသွားနိုင်တယ်လို့ ဒေါက်တာ မောင်အောင်က ပြောပါတယ်။

ပြည်ပက မြန်မာ နိုင်ငံကို လာရောက် ရင်းနှီး မြှုပ်နှံမှုဖို့ စိတ်ဝင်စားကြပေမဲ့ ထင်သလောက် လာရောက် လုပ်ကိုင်မှု မရှိတဲ့ အကြောင်းနဲ့ ပတ်သက်လို့တော့ ဒေါက်တာ မောင်အောင်က မကြာသေးခင်က ဖြစ်ခဲ့တဲ့ နယ်စပ် စစ်ပွဲတွေ၊ ကျောင်းသား အရေး၊ အလုပ်သမား အရေး ကိစ္စတွေကြောင့် နိုင်ငံတကာ အမြင်မှာ မြန်မာ့ ပုံရိပ်ကို ထိခိုက်စေတဲ့ အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

နန်စီ ပလိုစီ လို အရေးပါတဲ့ လွှတ်တော် အမတ် တစ်ယောက် အနေနဲ့ မြန်မာနိုင်ငံကို အမေရိကန်က GSP ခေါ် ကုန်သွယ်မှု အထူး အခွင့်အရေး ပေးဖို့ တင်ပြ လုပ်ဆောင်နိုင်မယ် ဆိုရင် နှစ်နိုင်ငံ ကုန်သွယ်မှုတွေ ပိုမို တိုးမြှင့် လုပ်ဆောင် နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒေါက်တာ မောင်အောင်က ပြောပါတယ်။

မြန်မာ နိုင်ငံကို ရောက်လာတဲ့ နေ့မှာပဲ ပြည်တွင်းက အရပ်ဖက် လူမှု အဖွဲ့အစည်းနဲ့ မီဒီယာက ကိုယ်စားလှယ် ၆ ယောက်ကို အမေရိကန် သံရုံးမှာ နန်စီ ပလိုစီက တွေ့ဆုံခဲ့ ပါတယ်။

တွေ့ဆုံရာမှာ ပါတဲ့ Gen Network က ဒေါ်မေစပါယ်ဖြူက မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေ နှိမ်နင်းတဲ့ ကိစ္စ၊ လူ့အခွင့်အရေး အဖွဲ့တွေ ကန့်ကွက်နေတဲ့ ကြားက လွှတ်တော်က အတည်ပြုခဲ့တဲ့ ကိစ္စ စတဲ့ လူ့အခွင့်အရေး ကိစ္စတို့ကို တင်ပြ ဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ