ရခိုင်မှာ ဝှိုက်ကတ်အပ်သူရှိသလို တချို့မအပ်ကြ

maungtaw_rakhine_rohingya ဓာတ်ပုံ မူပိုင် bbc
Image caption မောင်တောမြို့နယ်

ရခိုင်ပြည်နယ် မှာ ဝှိုက်ကတ် ခေါ် ယာယီ သက်သေခံ လက်မှတ်တွေ ကို မတ်လ ၃၁ ရက်နေ့ က စတင်အပ်နှံမှုတွေ ပြုကြတဲ့ အခါမှာ မြို့နယ် အတော်များများ ပါဝင်ကြပါတယ်။ အဲဒီ အထဲမှာ မြန်မာ ဘင်္ဂလား နယ်စပ် က မောင်တော မြို့နယ် လည်းပါဝင်တဲ့ အကြောင်း မောင်တောခရိုင် လဝကမှူး က ဘီဘီစီ ကို ပြောပါတယ်။ အပ်နှံရာ မှာလည်း ပြဿနာ မရှိကြောင်းလည်း ရှင်းပြပါတယ်။

တောင်ပြိုလက်ဝဲမြို့နဲ့ မောင်တော အပါအဝင် စုစုပေါင်း ၉၁၆ ဝှိုက်ကတ် ခေါ် ယာယီ သက်သေခံ လက်မှတ်တွေ ကောက်ခံ ရရှိပြီးကြောင်း သိရပါတယ်။ အခုအပ်နှံသူ အရေအတွက် ဟာ မြို့ပေါ်တွေ က ဖြစ်ပြီး နယ်တွေက စာရင်းတွေ မသိရသေးပါဘူး။ မောင်တောခရိုင် အတွင်းမှာလည်း နောက်ထပ် လာအပ်ဖို့ ပြင်ဆင်နေကြပါတယ်။

စစ်တွေမြို့နယ် အတွင်းက ဘုမေရွာ အပါအဝင် မွတ်ဆလင် ရွာတချို့ မှာတော့ အပ်နှံတာ မရှိကြသေးပါဘူး။ အကြောင်း ကတော့ သံသယ ရှိနေလို့ ဖြစ်တဲ့ အကြောင်း ရွာခံလ မွတ်ဆလင် ခေါင်းဆောင် တဦးက ဘီဘီစီ ကို ပြောပါတယ်။

ဝှိုက်ကတ်တွေ ကို ထုတ်ပေးခဲ့စဉ် က လဝက မြို့နယ် ဦးစီးမှူး က ထုတ်ပေးခဲ့ပြီး၊ အခုပြန်အပ် ရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဆီ အပ်နှံရမှာ ဖြစ်တဲ့ အတွက် သံသယဝင်နေကြောင်း သိရပါတယ်။ ဝှိုက်ကတ်တွေ ကိုင်ဆောင်သူတွေ အနေနဲ့ အစိုးရ ရဲ့ စီမံကိန်းအရ ဆောင်ရွက်တာကို ကန့်ကွက်စရာ မရှိပေမဲ့ ပြန်အပ်တဲ့ အခါမှာလည်း အသေအချာ စီစဉ် ပေးဖို့ လိုလားကြတာပါ။