ပြည်ပ ဆန်တင်ပို့မှု စံချိန်သစ်တင်

ဓာတ်ပုံ မူပိုင် no
Image caption မြန်မာ့ဆန်ကို တရုတ်နိုင်ငံက အများဆုံးဝယ်

အခုနှစ် ဘဏ္ဍာနှစ် အတွက် မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့တဲ့ ပမာဏဟာ နှစ်ပေါင်း ၅၀ ကျော် အတွင်း စံချိန်သစ် တင်ခဲ့ပြီ ဖြစ်ပါတယ်။

မတ်လ ၂၇ ရက်နေ့အထိ ပြည်ပကို ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံကို အများဆုံး တင်ပို့ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဧပြီလ ၁ရက်နေ့ ကနေ အခုနှစ် မတ်လ ၂၇ ၇က်နေ့ အထိ ပြည်ပကို ဆန်တန်ချိန် ၁ဒဿမ ၇၇ သန်း တင်ပို့ နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း၅၀ဝ ကျော် ရရှိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌါန ကုန်သွယ်မှု ညွှန်ကြားရေး ဦးစီးဌာနရဲ့ ပြောပြချက်အရ သိရပါတယ်။

နယ်စပ် ကုန်သွယ်ရေးက တဆင့် တရုတ်နိုင်ငံကို ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ကျန်ပမာဏကို ကုန်သွယ်ရေး လမ်းကြောင်းက တင်ပို့ ခဲ့တာ ဖြစ်ပါတယ်။

ဒီလို တင်ပို့မှု များလာတာဟာ တရုတ်နိုင်ငံရဲ့ ဝယ်လိုအား များတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

လာမဲ့နှစ်တွေမှာလည်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ ဆန်တန်ချိန် တစ်သန်းလောက် နှစ်စဉ် ဝယ်ယူလာနိုင်တယ် လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးရဲမင်းအောင်က ပြောပါတယ်။

ဒီလို တစ်နှစ်ထက် တစ်နှစ် ဆန်တင်ပို့မှု များပြားလာပေမယ့် လယ်ယာလုပ်ငန်းကို မိရိုးဖလာ တနိုင်တပိုင် လုပ်ကိုင်သူ ဒေသခံ တောင်သူတချို့ကတော့ ရာသီဥတု ဖေါက်ပြန်မှု ဒဏ်ကို နှစ်စဉ် ခံလာရတဲ့အတွက် လယ်ယာလုပ်ငန်းကို စွန့်ခွာသွားမှုတွေကလည်း များလာနေတယ်လို ပဲခူးတိုင်း ဒေသကြီး ကဝမြို့နယ်မက တောင်သူ ဦးသိုက်စိုးက ဘီဘီစီကို ပြောပါတယ်။

တနိုင်တပိုင် လုပ်ကိုင်သူတွေ စွန့်ခွာသွားတဲ့ နေရာကို ငွေကြေး အရင်းအနှီး တတ်နိုင်သူတွေ အစားထိုး ဝင်ရောက်လာတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ တစ်နှစ်ကို ဆန်တန်ချိန် ၃ သန်းလောက် တင်ပို့နိုင်အောင် ဆောင်ရွက်ဖို့ လိုနေပြီး ဒီလို တင်ပို့နိုင်ဖို့အတွက် စက်ပိုင်နဲ့ တောင်သူတွေ အတွဲညီဖို့ လိုသလို လယ်သမားတွေကို မက်လုံး ပေးဖို့ လို တယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

အရင်က ဆန်ကြမ်းလို့ လူသိများတဲ့ ၂၅ မတ် ဆန်တွေကိုသာ ပြည်ပကို အဓိက တင်ပို့ ခဲ့ပေမဲ့ ဒီနှစ်မှာတော့ အရည်အသွေး ကောင်းတဲ့ ဆန်တွေကို ဥရောပနဲ့ ဂျပန်နိုင်ငံတွေကို တင်ပို့လာနိုင်ခဲ့တယ်လို့ သိရပါတယ်။