လွှတ်တော်​အမတ်​တွေ အတွက် သီး​သန့် အဆောက်​အဦ ဆောက်မယ်

_bbc_hluttaw ဓာတ်ပုံ မူပိုင် bbc
Image caption လွှတ်တော်အမတ်တွေ ကို လက်ရှိ ထားထားတဲ့ စည်ပင် ဧည့်ရိပ်သာ မှာ နိုင်ငံရေး အစည်း အဝေး လုပ်ခွင့် ပိတ်ပင်ထား။

နေပြည်တော် ကို လွှတ်တော် လာတက်ရတဲ့ လွှတ်တော် အမတ် တွေ နေထိုင်ဖို့ လွှတ်တော်ဝင်း တနေရာမှာ သီးသန့် အဆောက်အဦ ကို လွှတ်တော် က ရရှိထားတဲ့ ငွေကြေး တွေ ထဲက သုံးစွဲ တည်ဆောက်မယ် ဆိုပြီး လွှတ်တော် ၂ ရပ် ပေါင်း ရဲ့ အလှည့်ကျ နာယက ဖြစ်တဲ့ သူရ ဦးရွှေမန်းက ပြောပါတယ်။

တနင်္လာနေ့ က လွှတ်တော်တွင်း နိုင်ငံရေး ပါတီ တွေ ရဲ့ ခေါင်းဆောင် တွေ နဲ့ တွေ့ဆုံတုန်း မှာ သူရ ဦးရွှေမန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော် အမတ် တွေ နဲ့ ဝန်ထမ်း တွေ အတွက် အဆောက်အဦ တွေ ကို ဆောက်လုပ်ဖို့ အစိုးရ ဆီက ၁၉ ဘီလီယံ ဘတ်ဂျတ် တောင်းခံ ခဲ့တာ ကို မရခဲ့တဲ့ နောက် အခုဆို လွှတ်တော် မှာ ရှိတဲ့ ငွေထဲက နေ ဆောက်ဖို့ သူရဦးရွှေမန်းက ရှင်းပြ ခဲ့တယ် လို့ ရခိုင်အမျိုးသားပါတီ က ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ခင်စောဝေ က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော် အမတ် တွေဟာ လွှတ်တော် ကျင်းပ ချိန် တိုင်းမှာ အစိုးရပိုင် စည်ပင် ဧည့်ရိပ်သာ မှာ တစ်နေ့ ၂ ထောင် နှုန်း နဲ့ နေထိုင် ကြရတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်လ လောက်က စပြီး အစိုးရပိုင် အဆောက်အဦ တွေ ထဲမှာ နိုင်ငံရေး ဆွေးနွေးပွဲ တွေ မလုပ် ရဘူး ဆိုတဲ့ စည်းကမ်း ထွက်လာပြီး၊ စည်ပင် ဧည့်ရိပ်သာ မှာ နိုင်ငံရေး ပါတီ အသီးသီး က လွှတ်တော် အမတ် တွေ ကို အစည်းအဝေး လုပ်ခွင့် ပိတ် ပင် ခဲ့ရာကနေ၊ အခုလို လွှတ်တော် အမတ် တွေ နေထိုင်ဖို့ သီးသန့် အဆောက်အဦ ဆောက်လုပ် ဖို့ ဖြစ်ပေါ် လာရတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ