မယ်ဟောင်ဆောင် ဒုက္ခသည်စခန်း မီးဘေးသင့် ဒုက္ခသည် ၇၀၀ကျော်ရှိ

Image caption အဲဒီ ဒုက္ခသည်စခန်းမှာ အရင်ကလည်း မီးလောင်မှု ဖြစ်ပွားခဲ့

အင်္ဂါနေ့တုန်းက ထိုင်းနိုင်ငံ မယ်ဟောင် ဆောင် ကရင်နီ ဒုက္ခသည်စခန်းမှာ မီးလောင်ခဲ့မှု အတွင်း အိမ်ခြေ ၁၅၀ ကျော်လောက် မီးထဲ ပါသွားပြီး ကလေး လူကြီး စုစု ပေါင်း ၇၀၀ကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ စခန်း ကော်မီတီ စာရင်းထဲမှာ ဖေါ်ပြထားပါတယ်။

ပေါ့ဆမှုကနေ မီးလောင်မှု ဖြစ်ပွားခဲ့ရတာလို့ အဲဒီ ဒုက္ခသည်စခန်းရဲ့ ဒုတိယဥက္ကဌ ဆရာမ ခူးဖေါက ဘီဘီစီကို ပြောပြပါတယ်။

လောလောဆယ် စားသောက်ရေး ကိစ္စတွေကို အဖွဲ့အစည်း ပေါင်းစုံရဲ့ အကူအညီနဲ့ ချက်ပြုတ် ကျွေးမွေးနေပြီး ကျန်းမာရေး စောင့်ရှောက်မှု ၊သောက်သုံးရေ စတာတွေကို NGO အဖွဲ့တွေက တာဝန်ယူ ဆောင်ရွက်ပေး နေတယ်လို့ သူက ပြောပါတယ်။

မီးဘေး ဒုက္ခသည်တွေကို အိမ်အမြန်ဆုံး ပြန်ဆောက်ပေးနိုင်ဖို့ အတွက်ကိုလည်း ထိုင်းအာဏာပိုင်တွေ၊ စခန်းတာ၀န်ရှိသူတွေနဲ့ NGO အဖွဲ့တွေ ညှိနှိုင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆရာမ ခူးဖေါက ပြောပြပါတယ်။

၁၉၈၆ ခုနှစ်က စတည်ထောင်ခဲ့တဲ့ အဲဒီ ကရင်နီ ဒုက္ခသည် စခန်းမှာ မီး၄ ကြိမ် လောင်ခဲ့ဖူးပါတယ်။

မီးဘေး ကြိုတင်ကာကွယ်တဲ့ ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နေသလို မီးကင်း စောင့်နေရင်း ကြားကနေ အခုလို မီးလောင်မှု ဖြစ်ပွားတာလို့ ဆိုပါတယ်။

လက်ရှိ အဲဒီစခန်းမှာ အိမ်ခြေ ၂၄၀၀ ကျော်ရှိပြီး လူဦး ရေ ၁၁၆၀၀ ကျော် နေထိုင်ပါတယ်။