မြန်မာ သင်္ဘော ကုမ္ပဏီ ၅ခုကို အရေးယူ

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ သင်္ဘောသား ၄၂ဦးထဲက ၁၆ဦး သေဆုံးကြောင်း အတည်ပြု သိရ

ပြီးခဲ့တဲ့ ရက်ပိုင်းက နစ်မြုပ်ခဲ့တဲ့ ရုရှား သင်္ဘောပေါ် မြန်မာ သင်္ဘောသားတွေကို ခွင့်ပြုချက်မတောင်းပဲ ပြောင်းပို့ခဲ့တဲ့ Sea Rider, Star Global, Light Oasis, Asia Wave နဲ့ Top Chance စတဲ့ သင်္ဘော ကုမ္ပဏီ ၅ခု အပေါ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ သင်္ဘော ကုမ္ပဏီ ၅ခုဟာ မြန်မာပြည်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ သင်္ဘော ၁၆၁ခုထဲမှာ အပါအဝင် ဖြစ်ပါတယ်။

သတင်းပို့ဖို့ ပျက်ကွက်မှု၊ ခွင့်ပြုချက် မရှိတဲ့ သင်္ဘောပေါ် တင်ခဲ့မှု စတာတွေအတွက် အဲဒီ သင်္ဘော ၅ခုကို နိုင်ငံခြား သင်္ဘောတွေပေါ် သင်္ဘောသား တင်ပို့ခွင့် လောလောဆယ် ရပ်ဆိုင်းထားပြီး နောက်ထပ် အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။

ထွက်စာ ယူသွားတဲ့ သင်္ဘောက တစင်း၊ တကယ်တမ်း သင်္ဘောသားတွေ တက်သွားတဲ့ သင်္ဘောက တစင်း ဖြစ်နေကြောင်းနဲ့ သင်္ဘော ပြောင်းရင် အချက်အလက်နဲ့ သတင်းပို့ အတည်ပြုချက် ယူပြီးမှ သင်္ဘော ပြောင်းတာကို ဆောင်ရွက်ခွင့် ရှိကြောင်း အဲဒီလို မဆောင်ရွက်ခဲ့တဲ့အတွက် အခုလို အရေးယူရတာ ဖြစ်ကြောင်း သူကရှင်းပြပါတယ်။

အခုအခါ သင်္ဘောနစ်မြုပ်မှုကနေ အသက်ရှင် လွတ်မြောက်လာသူတွေ မြန်မာပြည် ပြန်ရောက်လာဖို့၊ အဲဒီလူတွေ ဆေးကုခွင့်နဲ့ ဆေးကုသ စရိတ်တွေ ရဖို့၊ လိုအပ်တဲ့ လစာတွေ ရဖို့၊ သေဆုံးသွားသူတွေအတွက် လျော်ကြေးစရိတ် ရဖို့ စတာတွေအတွက် ဖိအားပေး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသွားတဲ့ ရုရှား သင်္ဘောသားတွေအတွက်ပဲ ရုရှားအစိုးရက လျော်ကြေးပေးမယ်လို့ လောလောဆယ် သိရပြီး မြန်မာ သင်္ဘောသားတွေကို ရုရှားအစိုးရက လျော်ကြေး ပေးမပေး ဆိုတာကိုတော့ ခုချိန်ထိ အသေအချာ မသိရသေးဘူးလို့ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောပါတယ်။