အင်းလေးကန်ကြီး တိမ်ကောလာနေ

ဓာတ်ပုံ မူပိုင် bbc
Image caption အင်းလေးကန်ကြီး ရေရှည်တည်တံ့ဖို့ နိုင်ငံတော် အဆင့်ကနေ စီမံကိန်းချ ဆောင်ရွက်ပေးဖို့ အင်းလေးသူ အင်းလေးသားတွေ လိုလား

ရှမ်းပြည် တောင်ပိုင်းက အင်းလေး ကန်ကြီး ထဲမှာ ရေနည်းလာနေတဲ့ အတွက် ရေကြောင်းအရ သွားရေး လာရေးတွေ အခုကတည်းက ခက်ခဲလာနေပါတယ်။

အရင်က အင်းလေးကန်ကို အလည်သွား ကြသူတွေဟာ ညောင်ရွှေမြို့ အထိ ကားနဲ့ သွားပြီး ကားက ဆင်းတာနဲ့ စက်လှေဆိပ်ကို တန်းရောက်ပေမယ့် အခုဆိုရင် ခပ်လှမ်းလှမ်း က ချောင်းမကြီးကို ဖြတ်ဆောက်ထားတဲ့ တံတားအောက်နားက ချောင်းဝအထိ သွားမှ စက်လှေဆိပ်ကို ရောက်တယ်လို့ စက်လှေဂိတ်မှူး တဦးက ပြောပြပါတယ်။

အခုမှ တန်ခူးလပဲ ရှိသေးပေမယ့် အင်းလေးကန်ထဲမှာ ရေတွေ နည်းလာနေပြီလို့ ဆိုပါတယ်။

အင်းလေးကန်ထဲက ဖေါင်တော်ဦး တန်ခိုးကြီး ဘုရား ကိုတောင် စက်လှေ လမ်းကြောင်း ဖောက်ထားလို့သာ မြောက်ဘက် မျက်နှာစာကပဲ သွားလို့ ရပြီး တခြား မျက်နှာစာကနေ ဝင်လို့ မရတော့ဘူးလို့ သူက ပြောပြပါတယ်။

အခုလို အင်းလေးကန်မှာ ရေနည်းသွားရတာဟာ ဟိုတယ်ဇုံ လုပ်တဲ့နေရာက တောတောင် တွေကို မြေတူးစက်ကြီးတွေနဲ့ ထိုးချခဲ့အပြီး သစ်ပင်တွေ မရှိတော့တာမို့ မိုးနည်းသွားတဲ့ အတွက် ဖြစ်တယ်လို့ ဖေါင်တော်ဦး ကျောင်းတိုက်က ဆရာတော်တပါးက မိန့်ပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းတဲ့အတွက် အင်းလေး ရေပြင်ဟာ တနှစ်ထက် တနှစ် ညစ်ညမ်းလာနေတယ်လို့ လည်း မိန့်ပါတယ်။

အင်းလေးကန် ရေရှည် တည်တံ့ဖို့ နိုင်ငံတော်အဆင့်ကနေ စီမံကိန်း အသေအချာ ချမှတ်ပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပါမှ အင်းလေးကန်ကြီး သာယာ လှပပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်မှာ ဖြစ်တယ်လို့ အင်းလေးသူ အင်းလေးသားတွေက ပြောနေကြပါတယ်။