တမူးမှာ ပေါက်ကွဲမှုဖြစ်

Tamu
Image caption တမူးမြို့ မှာ မကြာခဏ ပေါက်ကွဲမှုတွေဖြစ်ခဲ့

ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းက မြန်မာ အိန္ဒိယ နယ်စပ် တမူးမြို့ မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပါတယ်။

တမူးမြို့ ဈေးနားက စာသင်ကျောင်းအနီး လူမရှိတဲ့အိမ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာ ဖြစ်ပြီး လက်ရှိ ကျင်းပနေတဲ့ သင်္ကြန်ပွဲတော် ကာလတွင်းမှာ လုံခြုံရေး အတွက် ခြိမ်းခြောက် တာမျိုး ဖြစ်နိုင်တယ်လို့ တမူးမြို့နယ် အထောက်အကူပြု ကော်မတီကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် လူအထိခိုက် အသေအပျောက် မရှိဘူးလို့လည်း ဆိုပါတယ်။

ဖောက်ခွဲသူလို့ သံသယဖြစ်သူ မြန်မာ နိုင်ငံသား တစ်ဦးကို ရဲက ဖမ်းမိခဲ့တယ်လို့ တမူးမြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးသာခင်က ပြောပါတယ်။။

ပေါက်ကွဲသံကြားပြီးနောက် ဘေးဝန်းကျင်က လိုက်ကြည့်တဲ့အခါ ဆိုင်ကယ်တစ်စီးနဲ့ ထွက်ပြေး သွားသူကို ဖမ်းဆီး စစ်ဆေးရာမှာ စနက်တံနဲ့ အတူ ပေါက်ကွဲစေနိုင်တဲ့ အရာတွေ လုပ်နိုင်တဲ့ ပစ္စည်းတွေ တွေရတယ်လို့ ဦးသာခင်က ပြောပါတယ်။

ဒါပေမဲ့ ဗုံးဖောက်ခွဲတာလို့တော့ အတပ် မပြောနိုင်ကြောင်းနဲ့ သူ့ကို ဆက်လက်စစ်ဆေးမှုတွေ လုပ်နေကြောင်း သူက ပြောပါတယ်။

ဒီပေါက်ကွဲမှုဟာ အိန္ဒိယ ဘက်က လက်နက်ကိုင်တွေနဲ့ ပတ်သက်မှု ရှိနိုင်တယ်လို့လည်းသူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမှာ သင်္ကြန် အကြိုနေ့ သင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲမှာ လုံခြုံရေး တပ်ဖွဲဝင် ၆၀၀ ကျော်သုံးပြီး ချထားပါတယ်။

ဒါဟာ မနှစ်ကထက်လုံခြုံရေး အင်အား ပိုများ တာဖြစ်ပါတယ်။

တမူးမြို့မှာ အိန္ဒိယဘက်က လက်နက်ကိုင် အဖွဲစည်းတွေ ဝင်ထွက်သွားလာမှု ရှိပြီး အရင်ကလည်း ဒီလိုပေါက်ကွဲမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ