ကိုးကန့်အရေး ငြိမ်းချမ်းစွာ ဆွေးနွေးဖို့ တရုတ်သမ္မတ တိုက်တွန်း

Leaders from Asia and Africa meet in Indonesia ဓာတ်ပုံ မူပိုင် EPA
Image caption အာရှ အာဖရိက ထိပ်သီးဆွေးနွေးပွဲ တက်ရောက် လာကြတဲ့ နိုင်ငံ့ခေါင်းဆောင်များ

ကိုးကန့်မှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကို ဆွေးနွေး အဖြေရှာဖို့ သမ္မတ ဦးသိန်းစိန်ကို တရုတ်သမ္မတ ရှီကျင်ပင်းက တိုက်တွန်းလိုက်ပြီး တရုတ်နိုင်ငံက လည်းကူညီ ဆောင်ရွက်မယ့် အကြောင်း ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာရှ အာဖရိက ထိပ်သီး ညီလာခံ တက်ရောက်နေတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တရုတ် သမ္မတနဲ့ သီးခြား တွေ့ဆုံစဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

လူထုက ရွေးချယ် တင်မြှောက်ထားတဲ့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက ဦးစီး အဖွဲ့ကို ဦးဖုန်ကြားရှင်တို့ အဖွဲ့က လက်နက်ကိုင် တိုက်ပြီး ဖယ်ရှားဖို့ ကြိုးပမ်းမှုတွေ ကြောင့် တိုက်ပွဲတွေ ဖြစ်နေရပြီး သူတို့ လုပ်ဆောင်ချက်တွေကို ရပ်တန့်ဖို့ လိုတယ်လို့ သမ္မတခရီးစဉ်မှာ လိုက်ပါသွားတဲ့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

မကြာသေးခင်ကမှ ပေါ်လာတဲ့ ကိုးကန့်လို AA ရခိုင် တပ်မတော်လို အဖွဲ့မျိုးတွေဟာ လက်ရှိ အစိုးရ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးကို ထိခိုက်စေဖို့ နောက်မှ ထပ်ပေါ်လာတဲ့ အဖွဲ့တွေ ဖြစ်တယ်လို့ အစိုးရ ဘက်က ယူဆထားပြီး လက်ရှိ တိုင်းရင်းသား ၁၆ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကိစ္စတွေနဲ့တော့ ဆက်စပ် စဉ်းစားလို့ မရနိုင်ဘူးလို့ သူက ပြောပါတယ်။

ငြိမ်းချမ်းရေး ကိစ္စကို မူလ စတင် ဆွေးနွေးတဲ့ ၁၆ ဖွဲ့နဲ့ လက်မှတ် ထိုးနိုင်ဖို့သာ ဆွေးနွေးနေတာ ဖြစ်ပြီး နောက်ပေါ်လာတဲ့ လက်နက်ကိုင် အဖွဲ့တိုင်းကို ဆွေးနွေးဖို့ မရှိဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

တရုတ်နဲ့ မြန်မာ သမ္မတတို့ တွေ့ဆုံရာမှာ ငြိမ်းချမ်းရေးကိစ္စကို အဓိကထား ဆွေးနွေးခဲ့တဲ့ အပြင် နှစ်နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေး၊ ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ကိစ္စ၊ အာရှ အခြေခံ အဆောက် အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် တည်ထောင်ရေး၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နဲ့ တရုတ် စီးပွားရေး စင်္ကြန် လမ်းမ အကောင်အထည်ဖော်နိုင်ရေး ကိစ္စတို့ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ