လွှတ်တော်နာယက သူရ ဉီးရွှေမန်း အမေရိကန်ခရီးစဉ်

ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်း
Image caption ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်း

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ John Boehner ရဲ့ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော်နာယက သူရဉီးရွှေမန်းဟာ ဧပြီလ၂၉ရက်နေ့ကနေ မေလ ပထမပါတ် အထိ အမေရိကန် ပြည်ထောင်စုကို ချစ်ကြည်ရေး ခရီး ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ လွှတ်တော်အချင်းချင်း အပြန်အလှန်နားလည်မှု ရရေးအတွက်ရည်ရွယ်တယ်လို့ အဖွဲ့ဝင် အဖြစ်လိုက်ပါသွားမယ့် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဉီးလှမြင့်ဉီးက ဘီဘီစီကို ပြောပါတယ်။

ခရီးစဉ်အတွင်း လွှတ်တော် နှစ်ရပ်စလုံးရှိ ပါတီ ခေါင်းဆောင်တွေ ရေးရာ ကော်မတီတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ သူရဉီးရွှေမန်းဟာ ၂၀၁၃ခုနှစ် ဇွန်လကလည်း ပထမအကြိမ် အမေရိကန်ကို ခရီးထွက်ခဲ့ပြီး ရလဒ်အဖြစ် မြန်မာလွှတ်တော်အတွက် ပူးပေါင်း ဆောင်ရွက်မှုတွေ သင်တန်းတွေကို အမေရိကန် ဘက်ကကူနေပါတယ်။

အမေရိကန်မှာ လွှတ်တော် နှစ်ရပ်ပေါင်းကွန်ဂရက်ရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးပါတဲ့အတွက် မြန်မာနိုင်ငံရဲ့ အကြောင်းပိုသိရင် မူဝါဒတွေ ချမှတ်ရာမှာပို နားလည်မှု ရနိုင်မယ်လို့ ဉီးလှမြင့်ဉီးက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံ အပေါ်ပိတ်ဆို့အရေးယူမှုတွေကိုတော့ အိမ်ရှင်ဘက်က ဆွေးနွေးမှ ပြန်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ခရီးစဉ်အပြီး အခုလို အမေရိကန်ကို ဆက်သွားတာ နိုင်ငံရေးအရ ဘယ်လို အဓိပ္ပါယ်ရှိသလဲလို့ မေးရာမှာ ဒါဟာ တိုက်ဆိုင်မှုသာဖြစ်ပြီး နှစ်နိုင်ငံ စလုံးကဖိတ်ထားတဲ့အတွက် လွှတ်တော်အားတဲ့အချိန်မှာ သွားရတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။