ကော့တောင်ကျွန်း လူသတ်မှု တရားလိုပြ သက်သေတွေ စစ်မယ်

ဓာတ်ပုံ မူပိုင် epa
Image caption ဒီအမှုမှာ မျက်မြင် သက်သေရယ်လို့ တယောက်မှ မရှိဘူးလို့ တရားခံ ရှေ့နေက ပြော

ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင်ကျွန်းမှာ ဗြိတိန် နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မြန်မာနှစ်ဦးရဲ့အမှုကို ခေါ့စမွီး ခရိုင် တရားရုံးမှာ တရားလိုပြ သက်သေတွေကို ဒီကနေ့ ဧပြီလ ၃၀ရက်နေ့မှာ စစ်ဆေး ကြားနာမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ မျက်မြင်သက်သေရယ်လို့ တယောက်မှ မရှိပဲ အခုတရားလို သက်သေတွေဟာ အမှုနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ ရှိတယ် ဆိုတဲ့ အမှုကို စစ်ဆေးသူတွေ၊ CCTV ကြည့်တဲ့ သူတွေကိုသာ ပေါင်းပြီး တင်ထားတာသာ ဖြစ်တယ်လို့ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဘီဘီစီကို ပြောပါတယ်။

တရားလိုပြ သက်သေ ၆၅ဦးရဲ့ ထွက်ဆိုချက်တွေကို ပြန်လည် မေးခွန်းထုတ်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမှုမှန် ပေါ်ပေါက်ရေးအတွက် ထိုင်း ရှေ့နေများ ကောင်စီအဖွဲ့၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။