သူရဦးရွှေမန်း သမ္မတ အဖြစ် ဝင်ပြိုင်ဘွယ်ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်ပြီး ပြိုင်ဘက်ကောင်းလည်း ဖြစ်လာနိုင်တယ်လို့ သူရ ဦးရွှေမန်းပြော

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သူ့ရဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက သူ့ကို အဆိုပြုမယ် ဆိုရင် သမ္မတအဖြစ် ဝင်အရွေးခံမှာ ဖြစ်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ စဉ်းစားမယ်လို့ ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ အမေရိကန် နိုင်ငံမှာ ရောက်ရှိနေတဲ့ သူရ ဦးရွှေမန်းက ဝါရှင်တန်မြို့ နိုင်ငံရေး လူမှုရေး စီးပွားရေး အကြံပေး ပညာရှင် အဖွဲ့ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်သလို တချိန်တည်းမှာပဲ ပြိုင်ဘက်ကောင်းတွေ ဖြစ်လာနိုင်တယ်လို့ သူရ ဦးရွှေမန်းက ပြောပါတယ်။

သူရ ဦးရွှေမန်းဟာ တနင်္လာနေ့ကျရင် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Anthony Blinken နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။