ဘာသာရေး လွတ်လပ်ခွင့် သံတမန် တွေ လာရောက်

 myanmar riot ဓာတ်ပုံ မူပိုင် AFP
Image caption ၂ဝ၁၂ က စပြီး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့

အမေရိကန်နဲ့ ကနေဒါ က နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အထူး သံတမန် တွေ မြန်မာ နိုင်ငံကို မေလ ၂ ရက် က ၅ ရက်ထိ လာပြီး လေ့လာမှု တွေ လုပ်နေ ကြပါတယ်။

ဒီလို လာလေ့လာ ရာမှာ ရွေးကောက်ပွဲ ကာလ အတွင်း မှာ ဘာသာရေး ကို အသုံးချ ပြီး အမုန်းတရား တွေ ဖြန့်ဖြူးမှာ ကို စိုးရိမ် မိကြောင်း မြန်မာ နိုင်ငံ မှာ ရောက် နေတဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူး သံတမန် David Saperstein နဲ့ ကနေဒါ နိုင်ငံ ဘာသာရေး လွတ်လပ်ခွင့် ဌာန သံအမတ်ကြီး Andrew Bennett တို့ က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ဒီခရီးစဉ် အတွင်း သံအမတ်ကြီး တွေက ဘာသာရေး အဖွဲ့အစည်း ခေါင်းဆောင် တွေနဲ့ရော အစိုးရနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တွေ၊ နိုင်ငံရေး ပါတီ တွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။

ရခိုင် ပြည်နယ်မှာ ဝှိုက်ကပ် ကိုင်သူတွေ မဲပေးခွင့် ဆုံးရှုံး မှာ၊ သူတို့ကို နိုင်ငံသား လက်မှတ် ထုတ်မပေးမှာ ကို စိုးရိမ်လို့ သံတမန် တွေက မေးမြန်း စုံစမ်းကြတယ် လို့ သူတို့နဲ့ တွေ့ဆုံ ခဲ့တဲ့ Women Peace Network Arakan က မဝေဝေနု က ပြောပါတယ်။

လက်ရှိ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေ ပိုဆိုး မလာ အောင် ဒီသံတမန် တွေက မြန်မာ အစိုးရနဲ့ရော သက်ဆိုင်ရာ အစိုးရ တွေနဲ့ပါ တိုင်ပင် ဆွေးနွေး ကြလိမ့်မယ် လို့ မျှော်လင့်တယ် လို့လည်း သူက ဆိုပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ဘာသာ ပေါင်းစုံ ချစ်ကြည်ရေးတွေ လုပ်နေ တာထက် အောက်ခြေ အစိုးရ အဖွဲ့အစည်း တွေမှာ ဘာသာရေး အရ ခွဲခြား ဖိနှိပ်မှုတွေ ရှိနေ တာကို ပြုပြင်ဖို့ သံတမန် တွေနဲ့ တွေ့ခဲ့ သူတွေက တိုက်တွန်း အကြံပေး ခဲ့ကြ ပါတယ်။

မြန်မာ နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် စိုးရိမ်ရတဲ့ နိုင်ငံ အနေနဲ့ အမေရိကန်က စာရင်းသွင်း ထားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ