ရွှေ့ပြောင်းဒုက္ခသည်တွေကို တာဝန်ယူရန် မလေးရှား ငြင်းဆန်

မလေးရှားနိုင်ငံ ကမ်းခြေတွေကို လာရောက်ဖို့ ကြိုးစားနေကြတဲ့ ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည် ထောင်ပေါင်းများစွာ အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ မလေးရှားက ပြောကြားလိုက်ပါတယ်။

အခုလို များပြားလှတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ အရှေ့တောင်အာရှက ပင်လယ်ပြင်ထဲမှာ စက်လှေတွေနဲ့ မျောနေကြပုံ ရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒီသူတွေထဲကမှ စက်လှေမြုပ်လို့ ကယ်တင် ရောက်ရှိလာသူတွေကို ခိုလှုံစရာ ပေးထားပေမယ့် ဘယ်နိုင်ငံကမှ သူတို့ကို လိုလိုချင်ချင် လက်မခံချင်ကြတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီ လှေစီးဒုက္ခသည်တွေကို ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က လက်မခံဘဲ ရေနဲ့ စားနပ်ရိက္ခာတွေ ပေးပြီး ပင်လယ်ပြင်ကို ပြန်လည် ပို့ဆောင်ပေးခဲ့ကြပါတယ်။

စက်လှေတွေပေါ်မှာ အင်မတန်ကို အခြေအနေ ဆိုးဝါးနေတယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ် NaJib ကတော့ ပင်လယ်ထဲမှာ မျောနေသူတွေကို မလေးရှားအနေနဲ့ အလွန် စာနာသနားမိပေမယ့် နောက်ထပ် ထောင်နဲ့ချီတဲ့ သူတွေဟာ သူတို့ဒေသတွေက ထွက်ပြေးလာဖို့ ရှိနေသေးတာကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းလို့ မရဘူးလို့ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကလည်း ပင်လယ်ပြင်မှာ မျောပါနေတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၁၅၀၀ ကို လက်ခံခဲ့ပြီးတဲ့နောက် သူတို့အတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ငွေကြေးအခက်အခဲရှိတဲ့အတွက် အစိုးရနဲ့ တခြားလူမှုရေးအဖွဲ့အစည်းတွေဆီက အကူအညီတွေ အမြန်ဆုံးလိုအပ်နေတယ်လို့ အာချေးပြည်နယ် မြို့တော်ဝန် Usman Abdullah က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် b
Image caption ဘယ်နိုင်ငံကမှ သူတို့ကို လိုလိုချင်ချင် လက်မခံချင်ကြတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

လှေစီး ရွေ့ပြောင်းသူများ အရေးအတွက် မြန်မာနိုင်ငံ အပါအဝင် သက်ဆိုင်တဲ့ နိုင်ငံတွေ အားလုံးကို အခုလ ၂၉ ရက်နေ့မှာ ဆွေးနွေးအဖြေရှာဖို့ ထိုင်းနိုင်ငံက ဖိတ်ခေါ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ