လှေစီးဒုက္ခသည်တွေ အရေး မြန်မာ စိုးရိမ်

Rohingya Migrants ဓာတ်ပုံ မူပိုင် AFP
Image caption လှေစီး ဒုက္ခသည်တွေ ယာယီခိုလှုံခွင့် ရရှိ

ကပ္ပလီ ပင်လယ်ပြင်မှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို မလေးရှား၊ အင်ဒိုနီးရှား ထိုင်းနိုင်ငံ တို့က ယာယီ ခိုလှုံခွင့်ပေးဖို့ သဘော တူလိုက်တဲ့ အပေါ် မြန်မာ အစိုးရက ကြိုဆိုတယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ မေလ ၂၀ ရက်က ကျင်းပတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲကို အကြောင်းကြောင်းတွေကြောင့် မြန်မာ နိုင်ငံက မတက်ရောက်ခဲ့ဘူးလို့ နိုင်ငံတော် သမ္မတရုံးအရာရှိ တစ်ယောက်က ပြောပါတယ်။

လာမယ့် မေလ ၂၉ ရက် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေး အတွက်တော့ ဖိတ်စာ ရထားပြီလို့ သူက ပြောပါတယ်။

ဒါ့အပြင် လှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ မြန်မာ အစိုးရက စိုးရိမ်မှုလည်း ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြော ပါတယ်။

ဒီဒုက္ခသည်တွေ အရေး ပြေလည် စေဖို့ရာ တရားခံ ရှာတာထက် ဖြေရှင်းချက် ရှာဖို့လိုအပ်တယ်၊ ကပ္ပလီ ပင်လယ်ပြင်အတွင်းမှာ ဖြစ်နေတဲ့ လူမှောင်ခိုမှု တွေမှာ လူမှောင်ခိုဂိုဏ်း တွေကို နှိမ်နင်းဖို့ ဒေသတွင်း နိုင်ငံတွေ ပူးပေါင်း အဖြေရှာသင့်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

မကြာသေးခင်ရက်ပိုင်းက မြန်မာ နိုင်ငံရေပိုင်နက် ထဲကို ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၁ ယောက်ကို လာလမ်းအတိုင်း ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ကတော့ လူမှောင်ခိုမှုတွေ တားဆီးရေးမှာ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ မေလ ၁၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထား ပါတယ်။

လှေစီး ဒုက္ခသည်တချို့က မြန်မာနိုင်ငံ ကနေ ထွက်လာတာလို့ ကိုယ်တိုင် ပြန်ပြောတာတွေရှိနေပြီး သူတို့ ထွက်ခွာခဲ့စဉ်မှာ အတားအဆီး မရှိ အလွယ်တကူ ထွက်ခွာနိုင်ခဲ့တယ်လို့ ဆိုကြတာကြောင့် မြန်မာ ဘက်က အရေးယူ ဆောင်ရွက်မှု အခြေ အနေကို မေးကြည့်တော့ရခိုင်ပြည်နယ်က ပင်လယ်ပြင်နဲ့ ထိစပ်နေတာ ဖြစ်လို့ နေရာဒေသတိုင်းကို စောင့်ကြပ် ထိန်းချုပ်ဖို့ ခက်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ