လှေစီးဒုက္ခသည် ကိစ္စမှာ အမေရိကန် ကူမယ်

Anthony Blinken ဓာတ်ပုံ မူပိုင် epa
Image caption လှေစီးပြေး အရေး အမေရိကန်လည်း ကူမယ်

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anthony Blinken ဟာ သူရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲ မှာတော့ သမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံရာမှာ ပြောခဲ့တဲ့ လှေစီးပြေး ဒုက္ခသည်တွေ အကြောင်းကို အဓိကထား ပြောခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ထဲ မျောပါနေတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည် တွေဟာ ဒေသတွင်းပဋိပက္ခ တွေကြောင့် စွန့်ခွာ လာရသူတွေဖြစ်ပြီး သူတို့ တွေရဲ့ အစားအသောက် နဲ့ အခြေချနေထိုင်ရေးမှာ အမေရိကန်အစိုးရက ငွေရေးကြေးရေး ပိုင်းက ကူညီ ထောက်ပံ့မှုတွေ ပေးမယ်လို့ ဆိုပါတယ်။

ဒီ ဒုက္ခသည်တွေထဲမှာတော့ နိုင်ငံရေး နဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် ရခိုင်ပြည်နယ်က ထွက်ပြေးလာရသူတွေပါဝင်နေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ပြောပါတယ်။

သူတို့ ရဲ့ လေ့လာချက်တွေအရ ဒုက္ခသည်တွေထဲက တွေ့တဲ့လူ ထက်ဝက်လောက်ကို စစ်ဆေးကြည့်တဲ့အခါ အဲဒီထဲက အများစုဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ဖြစ်တယ်။ သူတို့တွေဟာ ကြုံတွေ့နေရတဲ့ စိတ်ပျက်ဖွယ်ရာ အခြေအနေတွေကြောင့် အဲဒီကနေ ထွက်ပြေးလာကြတာ ဖြစ်ကြောင်းပြောပါတယ်။

မြန်မာ အစိုးရကတော့ ရခိုင်ဒေသတွင်း အခြေအနေတွေ တိုးတက်လာဖို့ လုပ်ဆောင်နေတယ် လို့ ပြောပေမယ့် လုံလောက်မှု မရှိသေးပါဘူး ဆိုပြီး မစ္စတာ Blinken က ပြောပါတယ်။

အမေရိကန်အစိုးရက ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ အဲဒီက လူ့အဖွဲ့အစည်းတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ညီတူညီမျှ ပေးမယ်လို့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ (၂)နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ် အပါအဝင် ကချင် နဲ့ ရှမ်းပြည်နယ်တွေမှာ အမေရိကန် အစိုးရက ဒေါ်လာ (၁၀၉) သန်း ကူညီထောက်ပံ့ ထားတယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း လွှတ်တော်မှာ ဆွေးနွေးနေတဲ့ မျိုးစောင့်ဥပဒေကြမ်း (၄)ခုနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း နိုင်ငံတွင်း ဘာသာရေး လွတ်လပ်ခွင့် နဲ့ အမျိုးသမီး အခွင့်အရေးကို လေးစားဖို့ တွေကိုပါ အစိုးရကို တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

ဒီကနေ့မနက်မှာတော့ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင်တွေနဲ့ တွေ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ ဆောင်ရွက်မှုတွေနဲ့ လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ (၂)ဖက် ခေါင်းဆောင်တွေ အပြင် အရပ်ဖက် အဖွဲ့တွေ အမျိုးသမီးတွေ ပါဝင်လာဖို့ အတွက်ပါ ဆွေးနွေးခဲ့ပါတယ်။