လွှတ်တော် သတင်းရယူမှု နေရာ အခက်အခဲဖြစ်နေ

Burma Parliament

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခမ်းမ

မြန်မာ နိုင်ငံမှာ လွှတ်တော် ပေါ်ပေါက် လာခဲ့ချိန်က စတင်ပြီး သတင်း သမားတွေ သတင်းရယူခဲ့ကြတဲ့ နေရာမှာ သတင်း ရယူခွင့်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကန့်သတ်လိုက် ပါတယ်။

အရင်ကတော့ လွှတ်တော် အစည်း အဝေးတွေကို မြင်ရတဲ့ Interpreter Booth ခေါ် ဘာသာပြန်သူတွေကို ထားတဲ့ လူ ၁၀၀ လောက် အထိ ဆန့်တဲ့ အခန်းမှာ သတင်း သမားတွေ သတင်း ရယူနိုင်ဖို့ ခွင့်ပြု ထားခဲ့ပေမဲ့ အခုတော့ မေလ ၂၆ ရက်နေ့က စတင်ပြီး ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ အခန်းဟာ သတင်း မီဒီယာသမားတွေ အတွက် ရည်ရွယ် ထားရှိတဲ့ နေရာ မဟုတ်တဲ့ အပြင် အဲဒီနေရာကို အသုံးပြု စရာတွေ ရှိတဲ့အတွက် ဆက်လက် ခွင့်မပြုနိုင်တာ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ရုံး စီမံရေးရာဌာန ဒုတိယ ညွှန်ကြားရေးမျူးချုပ် ဦးခင်မောင်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီနေရာကနေ သတင်းသမားတွေကိုယ်တိုင် လွှတ်တော် ခန်းမထဲကို ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ခြင်း မရှိတော့ပေမဲ့ သူတို့ လိုချင်တဲ့ အရုပ် အသံတွေ ရယူနိုင်အောင် စီစဉ်ပေးထားပြီး လွှတ်တော်ရဲ့ ICT နည်းပညာ ဌာနတွေ ကနေ ရုပ်သေ၊ ရုပ်ရှင် ဖိုင်တွေကို ရယူခွင့် ရှိအောင်လည်း ဆောင်ရွက်ပေးထားတယ်လို့ သူက ပြောပါတယ်။

လွှတ်တော် ခမ်းမအတွင်း ဆွေးနွေးနေကြချိန်မှာ တချို့ လွှတ်တော် အမတ်တွေ အိပ်ပျော်နေကြတဲ့ ပုံတွေ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဘေးက လွှတ်တော် မတက်သူတွေရဲ့ ကိုယ်စားပါ လျှို့ဝှက် မဲပေးကြတဲ့ ပုံတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြကြတာတွေ မဖြစ်စေချင်လို့လား ဆိုတာနဲ့ ပါတ်သက်လို့တော့ အဲဒီ အကြောင်း တစ်ခုတည်းကြောင့် ကန့်သတ်တာ မဟုတ်ပါဘူးလို့ ဦးခင်မောင်ဦးက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အားလုံးက ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်ကြဖို့ လိုတယ်လို့ သူက ပြောပါတယ်။

မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN က တော့ အခု ကန့်သတ်ချက်ကြောင့် သတင်းထောက်တွေ သတင်းရယူနိုင်တဲ့ မူလ ရရှိပြီးသား အခွင့် အရေး နောက်ဆုတ်သွားတဲ့ အပြင် ဓါတ်ပုံနဲ့ ရုပ်မြင်သံကြား သတင်းသမားတွေ အခက်အခဲဖြစ်နေတဲ့ အတွက် ပြန်လည် သုံးသပ်ပေးဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းဆီကို မေလ ၂၈ ရက်နေ့က စာရေးသား ပေးပို့ထားပါတယ်။

ဦးခင်မောင်ဦး ကတော့ လွှတ်တော်မှာ သတင်းယူတဲ့ သတင်းထောက်တွေ အတွက် နိုင်ငံတကာမှာလို ကောင်းမွန် ပြည့်စုံတဲ့ မီဒီယာ ခန်းမမျိုး ဆောင်ရွက်ပေးဖို့ စီစဉ် နေကြောင်းနဲ့ အခုနှစ်ကုန်ပိုင်း လောက်မှာ စတင် လုပ်နိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။