ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပဖို့ရှိ

usdp ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ခိုင်ဖြိုး ညီလာခံမှာ သမ္မတလောင်းလည်း ရွေးဖို့ရှိ

သမ္မတလောင်း ရွေးချယ်ရေး၊ ကိုယ်စားလှယ် လောင်းရွေးချယ်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး တို့ကို အဓိက ဆွေးနွေးမယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီ အစည်း အဝေးကို မေလ ၂၉ ရက်ကနေ ၃၀ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဝင်ရောက် အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း တွေထဲမှာတော့ လက်ရှိအစိုးရ အဖွဲ့ထဲက ပြည်ခိုင်ဖြိုး ပါတီဝင်တွေ လွှတ်တော် အမတ်ထဲက ပါတီဝင်တွေနဲ့ လွှတ်တော်အမတ် မဟုတ်တဲ့ ပါတီဝင်တွေ ပါဝင်မှာဖြစ်ပြီး တပ်မတော်ဘက်က အငြိမ်းစားယူမယ့် သူအချို့လည်း ပါဝင်လာဖို့ရှိပါတယ်။

ဒီလူတွေထဲကမှ ဘယ်သူကတော့ ဘယ်နေရာကနေ ဝင်ပြိုင်ရမယ်ဆိုတာကို ဒီအစည်းအဝေးမှာ ဆုံးဖြတ်ဖို့ရှိပါတယ်။

တပ်မတော်ဖက်က ဝင်ရောက် အရွေးချယ်ခံမယ့် လူတွေဟာ ဘယ်နေရာက ဝင်ပြိုင် မှာပါလဲလို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးတင်မောင်ဦးကို မေးကြည့်တော့ တပ်မတော် ကိုယ်စားလှယ်တွေက အခုမှ ဝင်ရောက် အရွေးခံမှာ ဖြစ်တဲ့အတွက် လူဦးရေ မသိပ်သည်းတဲ့၊ နိုင်ငံရေး ပါတီနည်းတဲ့၊ စည်းရုံးရ လွယ်ကူမယ့် မြို့နယ်တွေမှာ ဖြစ်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီအစည်းအဝေးမှာ သမ္မတလောင်းလည်း ရွေးချယ်မှာဖြစ်ပါတယ်။ လက်ရှိပါတီထဲမှာ သမ္မတလောင်း ဖြစ်နိုင်ချေက ဘယ်သူတွေရှိနေပြီး သူတို့ကို ဘယ်လို ရွေးချယ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဦးတင်မောင်ဦးက သမ္မတနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ တို့က လွဲပြီး ကျန်တဲ့သူ မတွေ့တဲ့အကြောင်း၊ ပါတီတွင်း မူဝါဒအရ ဒီမိုကရေစီ ဖြစ်တဲ့ မဲခွဲပြီး ဆုံးဖြတ် ကြမှာ ဖြစ်ကြောင်းနဲ့ အားလုံး သဘောကျတဲ့ သူကို ရွေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိအနေအထားမှာတော့ အစိုးရအဖွဲ့ကိုဦးဆောင်တဲ့ သမ္မတဦးသိန်းစိန် နဲ့ လက်ရှိ ပါတီကို ဦးဆောင်နေတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌတို့ အကြား ပွတ်တိုက်မှုတွေဟာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပိုမိုထင်ရှား လာတာကို တွေ့လာရပါတယ်။