လှေစီးပြေးတွေအရေး ဆွေးနွေးပွဲ

Bangkok boatpeople meeting ဓာတ်ပုံ မူပိုင် EPA
Image caption မြန်မာအပေါ်တာဝန်ရှိကြောင်း အပစ်ပုံချတာ လက်မခံလို့ တုန့်ပြန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ လှေစီးပြေး ဒုက္ခသည်တွေအရေး ဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ အခေျအတင် ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ အရေးဆိုင်ရာ လက်ထောက်မင်းကြီးVolker Tur ပြဿနာရဲ့ အခြေခံကို ရှင်းဖို့ မြန်မာအနေနဲ့ သူ့နိုင်ငံသားတွေ အားလုံးအတွက် အပြည့်အဝ တာဝန်ယူရမယ်လို့ ပြောခဲ့ပြီးမြန်မာ ကိုယ်စားလှယ် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးထင်လင်းက ဒီအရေးဟာ လူကုန်ကူးမှု ပြဿနာဖြစ်ပြီး မြန်မာတစ်နိုင်ငံထဲကို ရွေးပြီး အပစ်တင်တာ လက်မခံဘူးလို့ ပြောခဲ့ပါတယ်။

အခုဆွေးနွေးပွဲကို နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

တက်ရောက်လာသူတွေက ပင်လယ်ပြင်ကို ရောက်နေသူတွေကို ကယ်တင်ဖို့ နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေ ပိုလုပ်သွားဖို့သဘောတူခဲ့ကြပါတယ်။

လူကုန်ကူးသူတွေကို အမြစ်ပြတ်တိုက်ဖျက်ရေးနဲ့ ရေရှည်အတွက် စီးပွားရေးနဲ့လူမှုရေး တိုးတက်မှုတွေကို လုပ်ဆောင်ပေးဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ကိုယ်စားလှယ်တွ စုံစုံညီညီတက်ရောက်

အစည်းအဝေးအပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် နရာ့ချစ် စင်ဟစေနီး က ပင်လယ်ထဲမှာ လှေစီးပြီးရောက်နေတဲ့သူတွေကို အရေးတကြီးအကူအညီပေးဖို့ကို မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့က ကတိပေးထားတဲ့အတိုင်း လူသားချင်းစာနာတဲ့အကူအညီကို ဆက်လက်ပေးသွားမယ်။ ပင်လယ်ပြင်မှာရှိနေတဲ့သူတွေကို ဆက်လက်ရှာဖွေသွားမယ်။ အမေရိကန်လေယာဉ်က ထိုင်းပယ်လယ်ပြင်မှာ ရှာဖွေကိုလည်း ထိုင်းက ခွင့်ပြုလိုက်ပြီးဖြစ်တယ်။ ရေရှည်အတွက်ကတော့ ရခိုင်ဒေသနဲ့ ဘင်္ဂလာဒေ့ရှ် ကော့ဘဇားဒေသမှာ စီးပွားရေးလူမှုရေးဖွံ့ရေးတွေကို လုပ်ဆောင်ဖို့သဘောတူခဲ့ပါတယ်လို့ ဆွေးနွေးချက်တွေကို ပြန်ပြောပြခဲ့ပါတယ်။

လတ်တလောနဲ့ ရေရှည်လုပ်ငန်းစဉ်တွေအတွက် အမေရိကန်က ဒေါ်လာ ၃ သန်း၊ သြစတြေးလျက သြစတြေးလျဒေါ်လာ ၅ သန်း ထောက်ပံ့မှာ ဖြစ်ပြီး ၊ ဂျပန်နဲ့ ဆွစ်ဇာလန်ကလည်း ငွေကြေးအကူအညီပေးဖို့ ကတိပြုခဲ့ကြပါတယ်။