လိပ်ကျွန်းနားက လှေစီးပြေး ရေယာဉ်ကို သွားခွင့်မရခဲ့

haigyi
Image caption လှေစီးခရီးသည်တွေ ရာချီ ဖမ်းမိ

ဧရာဝတီ တိုင်း ဟိုင်းကြီး ကျွန်း နားက လိပ်ကျွန်း အနီးမှာ ဆိုက်ကပ် ထားတဲ့ လှေစီးပြေး ဒုက္ခသည် ရေယာဉ်ကို သတင်းထောက်တွေ သွားခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် က မြန်မာ ရေတပ် ကယ်ဆယ် ထိန်းသိမ်းထားတဲ့ လှေစီး ရွှေ့ပြောင်း ဒုက္ခသည် တွေ ရှိရာ လိပ်ကျွန်း ဆီ သတင်းထောက် တွေကို မြန်မာ ရေတပ်က သွားခွင့် မပြုဘူး လို့ သိရပါတယ်။

မြန်မာ ကမ်းရိုးတန်း နား က ပင်လယ်ပြင် မှာ လှေ တစင်း နဲ့ မျောပါ နေတဲ့ အမျိုးသမီး ၇၄ ဦး ကလေးငယ် ၄၅ ဦး အပါအဝင် လူ ၇၂၇ ဦးကို မြန်မာ ရေတပ်က တွေ့ရှိ ကယ်ဆယ် ထားကြောင်း မြန်မာ အာဏာပိုင် တွေက ထုတ်ဖော် ကြေညာ ခဲ့အပြီး သတင်းထောက် တွေက အဲဒီ ကျွန်းဆီ သွားရောက် သတင်းယူ ဖို့ ကြိုးစား ခဲ့ကြတာပါ။

လှေငယ် လေးတွေ နဲ့ သွားရောက် သတင်းယူဖို့ ကြိုးစားခဲ့ကြတဲ့ သတင်းထောက် ၈ ယောက် ကို မြန်မာ ရေတပ် က ပြန်မောင်းထုတ် ခဲ့ပြီး ကင်မရာ Memory Card ထဲက ဓာတ်ပုံတွေ အားလုံး ဖျက်ခိုင်းခဲ့ပါ တယ်။

အစိုးရ ပြန်ကြားရေး ခွင့်ပြုချက် မပါလို့ လုံခြုံရေး ကြောင့် ဒီလို သွားခွင့် မပြုတာလို့ ရေတပ် တာဝန်ရှိသူ တွေက ပြောကြောင်း ရိုက်တာ သတင်းဌာနက ကိုစိုးဇေယျာထွန်းက ပြောပါတယ် ။

လှေစီးပြေး တွေရဲ့ စက်လှေနားမှာ မြန်မာ ရေတပ်က စစ်ရေယာဉ် ၄ စီး က စောင့်ကြပ် နေတာ ဖြစ်ပြီး လိပ်ကျွန်းမှာ ရေတပ် စခန်း တခု ရှိနေပါတယ်။

နော်ဝေနိုင်ငံ အော်စလို မြို့မှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာ အရေး ဆွေးနွေးပွဲ မှာ လှေစီး ဒုက္ခသည် တွေ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတနိုင်ငံ အပေါ် တဖက်စောင်းနင်း နိုင်တဲ့ အဆိုးမြင် ပြောကြားခဲ့ချက် တွေကို ပယ်ချကြောင်း မြန်မာ အစိုးရ က သတင်း ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီလို အပြစ်ပုံချတဲ့ အပြုအမူတွေ ကြောင့် နိုင်ငံတကာက အထင်အမြင် လွဲမှားမှုတွေ ဖြစ်ပေါ်နိုင်တယ် လို့လည်း အဲဒီ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော် ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ