ရွေးကောက်ပွဲ ကော်မရှင်ကို NLD အိပ်ဖွင့်ပေးစာပို့

_votereducation
Image caption အမှားတွေ ပါနေတဲ့ မဲစာရင်းများ

၂၀၁၅ ရွေးကောက်ပွဲ အတွက် ကော်မရှင်က လောလောဆယ် ထုတ်ပြန်တဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းတွေမှာ ခန့်မှန်းခြေ ၃၀% ကနေ ၈၀% အထိ မှားယွင်း နေတယ်ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရွေးကောက်ပွဲ ကော်မရှင်ကို အိတ်ဖွင့် စာပေးပို့ခဲ့သလို ကော်မရှင်နဲ့ လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ရန်ကုန်တိုင်း ထဲက မြို့နယ်ပေါင်း (၂၄)မြို့နယ်နဲ့ နေပြည်တော် (၈)မြို့နယ်တွေမှာ ထုတ်ပြန်တဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းတွေမှာ မမှားသင့်တဲ့ အမှားတွေ နဲ့ ဥပဒေနဲ့ မညီတာတွေ ပါဝင်တယ်လို့ NLD က ဖော်ပြပါတယ်။

ဒါ့အပြင် ကျူးကျော်နေသူတွေ နဲ့ အိမ်ပိုင် မရှိသူတွေဟာ အိမ်ထောင်စု ဇယား မရှိတဲ့ အတွက် မဲပေးပိုင်ခွင့် နဲ့ ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံး နေရတယ် ဆိုပြီးတော့လည်း ဖော်ပြပါတယ်။ မဲစာရင်းမှားယွင်းမှုတွေ နဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက အမှားအယွင်း ရာခိုင်နှုန်းများကြောင်း၊ လူနာမည်နဲ့ မွေးသက္ကရာဇ် ပါပေမယ့် မှတ်ပုံမရှိကြောင်း၊ မှတ်ပုံတင် မရှိရင် မဲပေးလို့ မရနိုင်ဘဲ မဲစာရင်းထဲ ပါနေတဲ့အကြောင်းပြောပါတယ်။

NLD ကထောက်ပြတဲ့ မှားယွင်းမှုတွေနဲ့ ပတ်သက်လို့ ဘယ်လို ပြင်ဆင်နိုင်မလဲ ဆိုတာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးလှမောင်ချို ကတော့ ဒါတွေဟာ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ သက်ဆိုင်ပြီး မဲဆန္ဒရှင် စာရင်းမှားယွင်းမှုတွေနဲ့ ပတ်သက်လို့တော့ မဲစာရင်း ထုတ်ပြန်တဲ့ ရက်ကနေ (၁၄)ရက်အတွင်း ကော်မရှင်ကို တင်ပြပြီး ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီအနေနဲ့ မြို့နယ် ကျေးရွာ တွေမှာ ပြည်ခိုင်ဖြိုးရွာ၊ ပြည်ခိုင်ဖြိုးမြို့ ဆိုပြီး ဆိုင်းဘုတ် တင်တာတွေကို ရွေးကောက်ပွဲ ကော်မရှင်က ကြီးကြပ်ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုပြီး NLD ရဲ့ အိတ်ဖွင့်ပေးစာပါ အချက်အလက် နဲ့ ပတ်သက်လို့ ကော်မရှင် ဘက်ကတော့ ဒါဟာ သူတို့နဲ့ မသက်ဆိုင်တဲ့ အတွက် တာဝန်ရှိတဲ့ မြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး တွေကဘဲ ဆောင်ရွက်နိုင်တယ်လို့ ဦးလှမောင်ချိုက ပြောပါတယ်။

လာမယ့် (၂၀၁၅) ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ NLD နဲ့ ကော်မရှင် တွေ့ဆုံတဲ့ အခါမှာတော့ မြို့နယ်ရပ်ကွက် တွေမှာ ကပ်ထားတဲ့ မဲဆန္ဒရှင် စာရင်းကို အလွယ်တကူ ကြည့်ရှု ခွင့်မရဘူးဆိုတဲ့ အချက်တွေကို ကော်မရှင်ဘက်က ပြင်ဆင်ဆောင်ရွက် ပေးမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့တယ်လို့ ဦးဉာဏ်ဝင်းကပြောပါတယ်။