လှေစီးပြေးအရေး အဆိုကို အမျိုးသား လွှတ်တော် အတည်ပြု

Myanmar transfer 150 migrants boat people to Bangladesh ဓာတ်ပုံ မူပိုင် EPA
Image caption လူ၂၀၀ ကျော် ဖမ်းမိတဲ့ လှေထဲက စိစစ်ပြီးသား ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ကို ပြန်လွှဲပေး

လှေစီး ရွှေ့ပြောင်းသူ တွေနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ မူဝါဒ ချမှတ် ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အရေးကြီး အဆိုကို အမျိုးသားလွှတ်တော်က ဇွန်လ ၈ ရက်နေ့က အတည်ပြုလိုက် ပါတယ်။

အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေက မကြာသေးခင်က တင်သွင်းခဲ့တဲ့ ဒီအဆိုနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့မူ ဝါဒတွေကို အစိုးရ ဘက်က လွှတ်တော်မှာ လာရောက် ရှင်းလင်းခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ များတဲ့အတွက် အဆို အတည်ဖြစ်သွားခဲ့ ပါတယ်။

နိုင်ငံခြားဝန်ကြီးဌာန ဘက်က လုပ်ဆောင် နေတာတွေနဲ့ ပတ်သက်လို့ဒုတိယ ဝန်ကြီး ဦးသန့်ကျော်ကလာရောက် ရှင်းလင်းခဲ့ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ ပင်လယ်တွင်း မျောပါ ဒုက္ခရောက် နေကြတဲ့ လှေစီး ရွှေ့ပြောင်းသူ တွေကို လူသားချင်း စာနာမှု ရှုထောင့်ကနေ ကယ်တင်ပြီး ဘယ်နိုင်ငံက လာတယ်ဆိုတာ စိစစ်ပြီး သူတို့ နိုင်ငံတွေဆီ ပြန်ပို့မှာ ဖြစ်ကြောင်းနဲ့ လိုအပ်ရင် သင့်လျော်တဲ့ ကမ်းခြေမှာ ယာယီ စောင့်ရှောက် ထားမယ့် အကြောင်း သူက ပြောပါတယ်။

သူတို့ ကို အမြန်ဆုံး ပြန်ပို့ရေးမှာ သက်ဆိုင်ရာနိုင်ငံနဲ့ ညှိနှိုင်း ဆောင်ရွက်မယ်လို့လည်း ဦးသန့်ကျော်က ပြောပါတယ်။

ယာယီ စောင့်ရှောက် ထားစဉ် ကုန်ကျ စရိတ် အတွက် ကုလ သမဂ္ဂအဖွဲ့တွေ၊ နိုင်ငံ တကာအဖွဲ့တွေနဲ့ အလှူရှင် နိုင်ငံတွေနဲ့ ပူးပေါင်း ကျခံ သွားမယ် လို့လည်း သူက ပြောပါတယ်။

လှေစီးရွှေ့ပြောင်း သူများ အရေးနဲ့ ပတ်သက်ပြီး ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးပါ အရေးပေါ် စီမံခန့်ခွဲရေး ကော်မတီကိုလည်း ဖွဲ့စည်း ထားပြီးကြောင်း ဒုတိယ ဝန်ကြီးက ပြောပါတယ်။

တပ်မတော်ဘက်ကလည်း မြန်မာ့ ရေပြင်ပိုင်နက်မှာ လူမှောင်ခိုတွေနဲ့ ရွှေ့ပြောင်း ဝင်ရောက် လာသူတွေကို တာဆီးနိုင်ဖို့ တခြား ဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သော်က လွှတ်တော်မှာ လာရောက်ရှင်းလင်းခဲ့ပါတယ်။

မေလ ၂၁ ရက်နေ့က မောင်တော မြို့နယ်အနီး ဖမ်းဆီးမိတဲ့ လှေစီး ဒုက္ခသည် ၂၀၈ ယောက် ထဲက ၁၅၀ ယောက်ကို ဇွန်လ ၈ ရက်နေ့ကပဲ ဘင်္ဂလားဒေရှ် နိုင်ငံဖက် ပြန်လည် လွှဲအပ် လိုက်ပြီဖြစ်ပါတယ်။

နောက်ထပ် ဖမ်းဆီးမိတဲ့ လူ ၇၀၀ ကျော်နဲ့ ပတ်သက်လို့တော့ စိစစ် ဆောင်ရွက်မူ့တွေ ဆက်လက် လုပ်ဆောင် နေတယ်လို့ မောင်တော ခရိုင်လူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောပါတယ်။

အဆိုရှင်ဦးလှဆွေက လွှတ်တော်ကို တင်ပြခဲ့တဲ့ လှေစီး ရွှေပြောင်းသူများအရေး ဖြေရှင်းသင့်တဲ့ နည်းလမ်း ၃ ခုမှာ ဖမ်းဆီးမိသူ တွေကို ထိန်းသိမ်းပြီး ပြန်ပို့တဲ့အစီအစဉ်ကို သာ အစိုးရက ဆောင်ရွက်တာ တွေ့ရပြီး အချိန်အတိကျ သတ်မှတ် ဆောင်ရွက်တာမျိုး မရှိဘူးလို့ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ