လောခီးလာ သတင်းစာ ရှင်းလင်းပွဲ

Image caption NCA မူကြမ်း ထဲက စကားလုံး တချို့ကို သာ ပြင်ဆင် ထားတာ ဖြစ်တယ်လို့ တိုင်းရင်းသား တွေ ဘက်က ပြော

ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ ဌာနချုပ် လောခီးလာမှာ ပြုလုပ် ခဲ့တဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး NCA မူကြမ်း အတွက် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တွေရဲ့ ပြင်ဆင် ဆွေးနွေးပွဲ အပြီး နောက် တနေ့ မှာတော့ ကြေညာချက် တစောင် ထုတ်ပြန်ပြီး၊ တိုင်းရင်းသား ခေါင်းဆောင် တွေ ကနေ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။

ကေအန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေဖိုး က သူတို့ အနေနဲ့ အခု ဆိုရင် နိုင်ငံရေး လမ်းကြောင်း တခုကို ရရှိ နေပြီ ဖြစ်ကြောင်း၊ ဒီအတွက် လက်တွေ့ ကျကျ ဆောင်ရွက် မှုတွေ လုပ်မယ် ဆိုရင် အောင်မြင် မှုတွေကို မြန်မြန်နဲ့ လွယ်လွယ် ရရှိမှာ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။

NCA မူကြမ်း ပြင်ဆင် မှုတွေကို အစိုးရနဲ့ ဆွေးနွေးဖို့ အတွက် လောခီးလာ ညီလာခံ ကနေ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ကို ကေအန်ယူ ဒုဥက္ကဌ နော်စီဖိုးရာစိန် ဦးဆောင် စေပြီး အဖွဲ့ဝင် ၁၉ ဦးနဲ့ ဖွဲ့စည်းခဲ့ ပါတယ်။

NCA မူကြမ်း ပြင်ဆင် မှုတွေမှာ စကားလုံး တချို့ကို သာ ဆွေးနွေး ပြင်ဆင် ထားတာ ဖြစ်တယ်လို့ တိုင်းရင်းသား တွေ ဘက်က ပြောထားပါတယ်။

ဒါပေမယ့်လို့ တပ်တွေကို ဆက်ထားရှိ လိုတဲ့ အချက်နဲ့ အပစ်ရပ် စဲရေး လက်မှတ် ထိုးတဲ့ အခါ ကိုးကန့်၊ တအာင်းပလောင် နဲ့ ရခိုင့် တပ်မတော် စတဲ့ အဖွဲ့တွေ ကိုပါ၊ ပါဝင် စေလိုတာ ဖြစ်တဲ့ အတွက် အစိုးရနဲ့ ဆွေးနွေးတဲ့ အခါ အခက် အခဲတွေ ဖြစ်နိုင် တယ်လို့ သုံးသပ် မှုတွေ လည်း ရှိနေ ပါတယ်။

အစိုးရ ဘက်ကနေ တပြည်လုံး အတိုင်း အတာနဲ့ အပစ် အခတ် ရပ်စဲရေးကို လိုလား တာဖြစ်တဲ့ အတွက် ဒီအချက် တွေကို အစိုးရက စဉ်းစား ဆောင်ရွက်မှာ ဖြစ်တယ်လို့ ယူဆ ကြောင်း တိုင်းရင်းသား ခေါင်းဆောင် တွေက ပြောပါတယ်။

အစိုးရနဲ့ ထပ်မံ ဆွေးနွေးတဲ့ အခါ အခက် အခဲတွေ တစ်ဆို့မှုတွေ ရှိခဲ့ရင်တော့၊ ဒီအဆင့်မြင့် အဖွဲ့မှာ အဖွဲ့ အစည်း အသီးသီးက ဆုံးဖြတ် နိုင်တဲ့ သူတွေ ပါတဲ့ အတွက် ချက်ခြင်း ညှိနှိုင်း ဆုံးဖြတ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမှန်တော့ အခု ဖွဲ့စည်း လိုက်တဲ့ အဆင့်မြင့် အဖွဲ့ကို သဘောထား ပြင်းထန် သူတွေက ဦးဆောင် နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစိုးရနဲ့ ဆွေးနွေးတဲ့ အခါမှာ အောင်မြင် နိုင်မှာ ဖြစ်တယ်လို့ ဒီအဆင့်မြင့် အဖွဲ့မှာ ပါတဲ့ လူမျိုးစု ခေါင်းဆောင်တွေက ပြောဆိုကြောင်း ဘီဘီစီ သတင်းထောက် ကိုအောင်ကျော်ဦးက ပြောပါတယ်။