ဖွဲ့စည်းပုံဥပဒေ ထဲက ဘာတွေ ပြင်မှာလဲ

ဖွဲ့စည်းပုံဥပဒေ ဓာတ်ပုံ မူပိုင် AFP
Image caption ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်း ကို ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်း

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာတွေ ပြင်ဆင်မလဲဆိုတာ ကိုဖော်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က တင်သွင်းလိုက်ပြီး အဲဒီ အချက်တွေ ထဲမှာ ပုဒ်မ ၄၃၆ ပုဒ်မ ခွဲ (က) မှာ ဖော်ပြထားတဲ့ ဥပဒေတွေ ကို ပြင်ဆင်ချင်ရင် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထက်မနည်း ထောက်ခံဖို့ လိုတယ်ဆိုတဲ့ နေရာ မှာ အခုတော့ ၇၀ ရာခိုင်နှုန်း ထက် မနည်း ဆိုတဲ့ စာသား နဲ့ ပြင်ထားတာ ကို တွေ့ရပါတယ်။

အဲဒီအဆင့်ပြီးရင် သက်ဆိုင်ရာဥပဒေ ကို ပြင်ဆင်ဖို့အတွက် လူထု ဆန္ဒခံယူဖို့ လိုပြီး လူထု ဆန္ဒမဲ ၅၀ ရာခိုင်နှုန်း ကျော် ထောက်ခံမှ သက်ဆိုင်ရာ ဥပဒေ ကို ပြင်နိုင်မှာပါ။

ပုဒ်မ ၅၉(စ) နဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာ ကာယကံရှင်ရဲ့ သားသမီး တယောက်ယောက် က နိုင်ငံခြားသား ဖြစ်နေရင် အဲဒီ ပုဂ္ဂိုလ် ဟာ သမ္မတ ဖြစ်ဖို့ အခွင့်အလမ်း မရှိတာ ကို လည်းတွေ့ရပါတယ်။

တိုင်းဒေသကြီး နဲ့ ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ကိုရွေးချယ်တဲ့နေရာမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် က မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ တွေထဲက ရွေးချယ် နိုင်မယ်လို့လည်း ပြောင်းလဲထားပါတယ်။