ကိုးကန့်အဖွဲ့ တဖက်သတ် အပစ်ရပ်

MNDAA Soldiers ဓာတ်ပုံ မူပိုင် Reuters
Image caption MNDAA နဲ့ တိုက်ပွဲတွေ စဖြစ်ခဲ့တာ ၄ လကြာပြီ

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA က တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာလိုက် ပါတယ်။

ဇွန်လ ၁၀ ရက် နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ MNDAA စစ်ရေး ကော်မတီရဲ့ ကြေညာချက်မှာ ၁၀ ရက်နေ့ည သန်းခေါင်ယံ အချိန်ကနေ စတင် အကျိုး သက်ရောက်တယ်လို့ ဆိုထားပါတယ်။

မြန်မာ အစိုးရ ဘက်ကလည်း ကိုးကန့် ဘက်က အပစ်ရပ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သုံးသပ် နေတယ်လို့ ပြောပါတယ်။

အခုလို အပစ်ရပ်ရ တာဟာ တရုတ်မြန်မာ နယ်စပ် တည်ငြိမ် အေးချမ်းဖို့ တရုတ်တို့ရဲ့ တောင်းဆိုမှု၊ စစ်ဒဏ် ခံနေရတဲ့ ပြည်သူလူထုနဲ့ အခုနှစ်ထဲ ပြုလုပ်ဖို့ရှိတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ အတွက် တုံ့ပြန်တာ ဖြစ်တယ်လို့ ကိုးကန့် အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အခု အချိန်မှာ အပစ် ရပ်ရတာက ကိုးကန့် ဒေသမှာ မတည်မငြိမ် ဖြစ်နေတယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းရမှာ၊ ပျက်ပြယ်သွားမှာ မလိုလားလို့ စိုးရိမ်လို့ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တိုင်းရင်းသား အရေးတွေကို အနီးကပ် စောင့်ကြည့် လေ့လာပြီး သတင်းတွေ ရေးသားတဲ့ ရန်ကုန် မီဒီယာ Group က အမှုဆောင် အယ်ဒီတာ ကိုစိုင်းထွန်းအောင်လွင် ကတော့ MNDAA အပစ်ရပ်ကြောင်း ကြေညာရတာဟာ တရုတ်ဘက်က ဖိအားတော်တော် ရှိပုံ ရတယ်လို့ ပြောပါတယ်။

ကိုးကန့် တိုက်ပွဲတွေ စတင်ခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသ မတည်မငြိမ်ဖြစ်မှု၊ တရုတ်နိုင်ငံ ဘက်မှာ ဒုက္ခသည် ၇ သောင်း ၈ ထောင်လောက်ကို သူ့နိုင်ငံဘက်မှာ ထားရတာတွေ ကြောင့် တရုတ်နိုင်ငံ ဘက်က ဖိအားပေးတာ ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

တိုက်ပွဲတွေကြောင့် မြန်မာ ဘက်က ပစ်လိုက်တဲ့ ကျည်တွေ တရုတ်နိုင်ငံဘက် ကျတာ၊ တရုတ်နိုင်ငံသားတွေ သေကြေ ထိခိုက် ဒဏ်ရာရတာတွေ ရှိတဲ့ အတွက် လူမှု ကွန်ရက်တွေမှာ တရုတ် နိုင်ငံသားတွေက နာနာကျည်းကျည်း ပြောဆို နေကြတာတွေကို တရုတ် အစိုးရ အနေနဲ့ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက် နေရတယ်လို့ ကိုစိုင်းထွန်းအောင်လွင်က ပြောပါတယ်။