လှေစီးဒုက္ခသည်တွေကို လက်ခံမထားဖို့ ရခိုင်ဒေသခံတွေ ဆန္ဒထုတ်ဖော်

ဓာတ်ပုံ မူပိုင် epa
Image caption ရခိုင်ပြည်နယ်ထဲမှာ လှေစီး ရွှေ့ပြောင်း ဒုက္ခသည်တွေကို လက်ခံထားတာကို ဒေသခံတွေ ကန့်ကွက်

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲ မြို့နားက စခန်းတွေမှာ လှေစီး ရွှေ့ပြောင်း ဒုက္ခသည်တွေကို ဆက်လက်ခံထားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်က စစ်တွေ၊ မောင်တော၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့တွေ အပါအဝင် မြို့အများအပြားမှာ ဒီကနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်တွေမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ လူပေါင်း ထောင်ချီ ပူးပေါင်း ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ထိန်းသိမ်းထားတဲ့ လှေစီး ဒုက္ခသည်တွေကို သူတို့ လာရာ မူရင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံကို အမြန်ဆုံး ပြန်လည် ပို့ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာပိုင်နက် ပင်လယ်ပြင်မှာ မြန်မာ ရေတပ် ကယ်ဆယ်ခဲ့တဲ့ အဲဒီ လှေစီး ရွှေ့ပြောင်း ဒုက္ခသည်တွေ ဘယ်တိုင်းပြည်ကနေ ထွက်လာကြတာလဲ ဆိုတာကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အစိုးရ တာဝန်ရှိသူတွေ ပူးပေါင်း စစ်ဆေးနေတာ ဖြစ်ပြီး လှေစီး ရွှေ့ပြောင်း ဒုက္ခသည် စုစုပေါင်း ၁၀၀၀ နီးပါးထဲက ၁၅၀ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီ လှေစီး ရွှေ့ပြောင်း ဒုက္ခသည်တွေ အားလုံးကို တယောက်မကျန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမြန်ဆုံး ပြန်လည် ပို့ဆောင်ဖို့ အတွက် အခုလို ဆန္ဒ ထုတ်ဖော်ခဲ့တာလို့ ဦးဆောင်သူ တဦး ဖြစ်တဲ့ ဦးအောင်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို စည်းကမ်းထိန်းသိမ်းရေး ရခိုင် ရဟန်းတော် အဖွဲ့နဲ့ စစ်တွေကလူမှုရေး အဖွဲ့တွေက သက်ဆိုင်ရာဆီက ခွင့်ပြုချက်ယူပြီး ဦးဆောင်ပြုလုပ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။