ယူ၂၃ အသင်းကို သောင်းသောင်းဖျဖျ ကြိုဆို

U23 Footbal team returns
Image caption ငွေတံဆိပ် ဆုရှင် အသင်းကို အပြန်လမ်းမှာ ကြိုဆို

စင်္ကာပူ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ဒုတိယ ငွေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အောက် မြန်မာ့ လက်ရွေးစင် အသင်းဟာ ရန်ကုန်မြို့ကို ဇွန်လ ၁၇ ရက် ညနေပိုင်းက ပြန်ရောက် လာခဲ့ပါတယ်။

ရန်ကုန်လေဆိပ်မှာ မြန်မာ ပရိသတ်တွေက အသင်းသားတွေကို ပန်းကုံးတွေ စွပ်ကြတဲ့ အပြင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့သလို လမ်းတလျှောက် မှာလည်း သောင်းသောင်း ဖျဖျ ကြိုဆို နှုတ်ဆက်ခဲ့ကြ ပါတယ်။

လေဆိပ် တာဝန်ရှိသူ တွေက ပရိသတ်ကို အတွင်းထဲအထိ ဝင်ရောက်ကြိုဆိုခွင့် ပေးခဲ့တယ်လို့လည်း မြန်မာ့လက်ရွေးစင် ဘောလုံး သမားဟောင်း ဦးအေးမောင်ကြီးက ပြောပါတယ်။

ရွှေတံဆိပ် မရပေမဲ့ ဒီအဆင့်နဲ့ ပြန်လာနိုင် တာကို ပရိသတ်က ကျေနပ်ကြတဲ့ သဘောမျိုး ဖြစ်တယ်လို့ ဦးအေးမောင်ကြီးက ပြောပါတယ်။

ဘောလုံးသမားတွေဟာ အနိုင်အရှုံးကို ပဓါန မထားဘဲ အစွမ်းကုန် ကြိုးစားခဲ့ကြလို့ အကြို ဗိုလ်လုပွဲမှာ နိုင်ခဲ့တာလို့ သူက ပြောပါတယ်။

နောက်ဆုံး ဗိုလ်လုပွဲမှာတော့ အတွေ့အကြုံသာတဲ့ ထိုင်းအသင်းရဲ့ ပရိယာယ်ကို မလိုက်နိုင်ခဲ့ဘူးလို့လည်း ဦးအေးမောင်ကြီးက ပြောပါတယ်။

မြန်မာ့ ဘောလုံးလောက တချိန်ကလို ပြန်ဖြစ်ဖို့ ဆိုရင် ဘောလုံးကွင်းတွေ ထဲမှာ ကစားသမားတွေ များများ ရှိနေဖို့ လိုတယ်၊ ဘောလုံးသမားတွေ မွေးထုတ်ပေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

အခုအခြေအနေမှာ ဘောလုံးလောက မျိုးဆက်ပြတ် သွားပြီဖြစ်ပြီး ပြည်နယ်နဲ့တိုင်း ဘောလုံးပွဲတွေ၊ ကျောင်းသား ပွဲတွေလည်း မရှိတော့တဲ့ အပြင် ကစားသမား တွေလည်း မရှိ၊ ဘောလုံးကွင်းလည်း မရှိ ဖြစ်နေတာကြောင့် ဒါတွေကို ပြန်လည် ထူထောင်ပေးသင့်တယ်လို့ ဦးအေးမောင်ကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ