ရန်ကုန် ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ရုံးဖွင့်

ဓာတ်ပုံ မူပိုင် EU
Image caption မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးမှာ EU ဥရောပသမဂ္ဂက သင်တန်းတွေပေးပြီး ကူညီနေ

EU ဥရောပ သမဂ္ဂရဲ့ ကူညီမှုနဲ့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့ (Media Team) ရုံးခန်းကို ဇွန်လ ၁၈ရက်နေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ ပါတယ်။

ရဲတပ်ဖွဲ့အပေါ်မှာ ပြည်သူလူထုရဲ့ အမြင် ကြည်လင်မှု၊ နားလည်မှု၊ ယုံကြည်မှုတွေ ပိုရဖို့အတွက် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ သတင်းတွေ ထုတ်ပြန်ပေးဖို့အတွက် အခုလို သီးသန့် ရုံးခန်းတခု ဖွင့်လှစ်လိုက်တာ ဖြစ်ကြောင်း EU ရဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ အရပ်ဘက် လူမှု အဖွဲ့အစည်းနဲ့ မီဒီယာပိုင်းဆိုင်ရာ အကြီးတန်း အကြံပေးအဖြစ် ဆောင်ရွက်နေသူ ဦးနေမျိုးနိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ နိုင်ငံရေး စနစ်နဲ့အညီ ရဲတပ်ဖွဲ့ကလည်း ပွင့်လင်း မြင်သာမှု ရှိကြောင်း ပြတဲ့အနေနဲ့ အခုလို သတင်းထုတ်ပြန်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို EU ဥရောပ သမဂ္ဂက သတင်းနဲ့ ပြန်ကြားရေး ကျွမ်းကျင်မှု သင်တန်းတွေ၊ ပဋိပက္ခကို ဆန်းစစ်ပြီးမှ သတင်း ထုတ်ပြန် ရေးသားနည်းတွေ၊ တရားရုံးနဲ့ ရဲတပ်ဖွဲ့ ဆိုင်ရာ သတင်း ရယူ ရေးသားနည်းတွေကို သင်ကြားပေးနေတယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်မြို့တွင်းက ရဲတပ်ဖွဲ့ဆိုင်ရာ သတင်းအချက်အလက်တွေ သိလိုရင် အဲဒီ အဖွဲ့ကို တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း အလားတူ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ရုံးခန်းတွေ ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။