သမ္မတ အရည်အချင်းပုဒ်မ လွှတ်တော်မှာဆွေးနွေး

ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ထောင်စု လွှတ်တော်အစည်းအဝေး

သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်တဲ့ပုဒ်မ၅၉( စ ) လုံးကို အမျိုးသား ညီလာခံမှာ ဆွေးနွေးစဉ်တုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ ရှိနေပေမဲ့ မကန့်ကွက်ခဲ့ တာကြောင့် အခုလို ပါလာတာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြငြိမ်းက ဆွေးနွေးခဲ့ပါတယ်။

ဒါနဲ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေက လက်မခံပဲ ဒီပုဒ်မကို အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အမျိုးသား ညီလာခံက ထွက်ခဲ့ပြီး ၁၉၉၅ ခုနှစ်ကျမှ ဆွေးနွေး ပြဌါန်းခဲ့တာဖြစ် တယ်လို့ပြန်လည် ချေပခဲ့ပါတယ်။

သမ္မတ အရည်အချင်း သတ်မှတ်ချက် နောက်တစ်ခုဖြစ်တဲ့ သမ္မတဟာ စစ်ရေး အမြင်ရှိရမယ် ဆိုတဲ့ စကားရပ် အစား ကာကွယ်ရေး အမြင်ရှိရမယ်ဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြင်ဆင်ချက်ကို တိုင်းရင်းသား ပါတီတွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သူရ ဦးအောင်ကိုကတော့ အခြေခံဥပဒေဟာ တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုကို ရည်ရွယ်ဖိနှိပ် ရေးဆွဲထားခြင်းမျိုး မဖြစ် သင့်သလို လူတစ်စု အကျိုးစီးပွားကိုသာ ကာကွယ်ပေးတဲ့ ဥပဒေမျိုး မဖြစ်သင့်ဘူးလို ဆွေးနွေးခဲ့ပါတယ်။

ပုဒ်မ ၅၉ ( စ )လုံးကိုတော့ မူလ ပြဌါန်းချက် အတိုင်းသာထားဖို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်တင်စိုးက ဆွေးနွေးခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးပုဒ်မ ၄၃၆ ( က ) နဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ၂ ရက်တာဆွေးနွေးချက်ကို ကြည့်ခြင်းအားဖြင့် သူတို့အနေနဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပုဒ်မ ၄၃၆ ( က ) ကိုပြင်ဆင်ချင်တာကိုမတွေ့ရပါဘူး။

ဒီအခက်အခဲကိုကျော်လွန်နိုင်ဖို့အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေထံအကြံဉာဏ် ယူသင့်တယ်လို့ ချင်းတိုးတက်ရေးပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျွန်ခဲန်းက အကြံပြု ဆွေးနွေးသွားတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်က မထောက်ခံခဲ့ပါက လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဆောင်ရွက်နေတဲ့စစ်ဖက် အရပ်ဖက် ဆက်ဆံရေးဟာလည်း အောင်မြင်နိုင်ပါမလား ဆိုတာ သံသယရှိစရာ ဖြစ်တယ်လို့လွှတ်တော် ကိုယ်စားလှယ်တွေက သုံးသပ်နေပါတယ်။