ပြည်သူ့ ဆန္ဒရှိရင် အခြခံဥပဒေ ပြင်ရမယ်လို့ USDP လက်ခံ

U Aung Thaung ဓာတ်ပုံ မူပိုင် AP
Image caption ဖွဲ့စည်းပုံပြင်ဖို့ ထောက်ခံတဲ့ ရာခိုင်နှုန်းက မျှော်လင့်တာထက် ပိုများတယ်လို့ USDP ပြော

ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကို တင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက် မူကြမ်းဟာ လိုအပ်တဲ့ ထောက်ခံမဲ မရလို့ ရှုံးနိမ့် သွားတဲ့ အချိန်မှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ သူတို့ ပါတီက မူအားဖြင့် လက်ခံထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင် တစ်ယောက်က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုအခြေအနေနဲ့ အချိန် အခါအရ ဖြစ်စေ၊ ပြည်သူ့ ဆန္ဒရှိတဲ့ အခါမှာ ဖြစ်စေ ပြင်နိုင်တဲ့ အပိုင်းကို ပြင်ပေးဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ယူဆတယ်လို့ ပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းက ပြောပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက တင်သွင်းတဲ့ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ ရာမှာ အဆိုပြုချက် တစ်ခုက လွဲပြီး ကျန်တဲ့ အချက် တွေကို ထောက်ခံမှု မရခဲ့ပါဘူး။

ဒါပေမဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကတော့ ထောက်ခံသူ ရာခိုင်နှုန်းက သူတို့ မျှော်လင့် ထားတာထက် ပိုများတဲ့ အတွက် အောင်မြင်တယ်လို့ ပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းက ပြောပါတယ်။

အခု မဲခွဲ ဆုံးဖြတ်ခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းဟာ တကယ်တန်းတော့ မြန်မာ့ နိုင်ငံရေး အတွက် သိပ်ပြီး ထိရောက်တဲ့ အပြောင်း အလဲတွေ ဖော်ဆောင်နိုင်တဲ့ အချက်တွေ မပါပါဘူး။

ပုဒ်မ ၄၃၆ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်နိုင်ဖို့ လိုအပ်တဲ့ ထောက်ခံမှု ရဖို့ ရာခိုင်နှုန်းကို ၇၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း အထိ ထားဖို့ကိုတောင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်အားလုံးရဲ့ ထောက်ခံမှု မရခဲ့ဘူးလို့ သုံးသပ်မှုတွေ ရှိနေတာနဲ့ ပတ်သက်လို့တော့ ဒါတွေဟာ ခန့်မှန်းပြောကြတာသာဖြစ်တယ်လို့ ဦးအောင်သောင်းက ဖြေပါတယ်။

ပါတီဦးဆောင်မှုပိုင်း ကတော့ ထောက်ခံဖို့ ဆွေးနွေးပြီးသားဖြစ်လို့ မထောက်ခံသူ ရှိရင်တောင် အနည်း အပါးသာဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။

ဒီလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းပြင်ဆင်ချက် ကိုတောင် စစ်တပ်ဘက်က ထောက်ခံမှု မရလို့ လွှတ်တော်မှာ အတည်မပြုနိုင်ရင် တခြား ပြုပြင် ပြောင်းလဲမှု တွေမှာ စစ်တပ် ပါလာအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဦးအောင်သောင်းကို မေးရာမှာတော့ လောလောဆယ် ဘာမှ မတတ်နိုင်ဘူးလို့ သူက ပြောပါတယ်။

စစ်တပ်ဘက်က ထောက်ခံမှု မရဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မဲခွဲရာမှာ မအောင်မြင်တဲ့ အတွက် ပြင်ဆင်နိုင်ရေး အားလျော့သွားတယ်လို့ သူက ပြောပါတယ်။

အခုတစ်ကြိမ် မှာ အခြေခံ ဥပဒေကို မပြင်နိုင်ပေမဲ့ နောင်မှာ ပြင်နိုင်ရေး ကြိုးစားလို့ ရနိုင်သေးတယ်လို့ ဦးအောင်သောင်းက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရမှုအပေါ်မူတည်ပြီး အနိုင်ရတဲ့ ပါတီတွေအချင်းချင်း ပေါင်းစပ် ညှိနှိုင်း ပူးပေါင်း အဖြေရှာနိုင်မယ်လို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။