မြန်မာ့ဆန်ကို သဘောတူထားတဲ့ အတိုင်း တရုတ် မဝယ်

Rice Grain ဓာတ်ပုံ မူပိုင် THINK STOCK
Image caption ဆန်အရည်အသွေး သတ်မှတ်ချက်ကို နှစ်နိုင်ငံ သဘောတူပြီးဖြစ်

မြန်မာ့ဆန် အရည်အသွေး သတ်မှတ်ချက် တွေနဲ့ပါတ်သက်လို့ တရုတ်နဲ့ မြန်မာ နိုင်ငံကြား သဘောတူညီချက်တွေရှိပြီး ဖြစ်ပေမဲ့ တရုတ်ဘက်က မြန်မာ့ဆန်ကို သဘော တူတဲ့ အတိုင်း မဝယ်ဘဲ ရပ်ထားလို့ သမ္မတ အဆင့်က ဝင်ညှိပေးဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သိန်းကို ၂၀၁၅ ခုနှစ် အတွင်း တရုတ်နိုင်ငံက တရားဝင် ဝယ်ယူဖို့ နှစ်နိုင်ငံ ဝန်ကြီးအဆင့်တွေ သဘောတူခဲ့ပြီး လိုအပ်တဲ့ အရည်အသွေး စစ်ဆေးမှု တွေလည်း ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ် နိုင်ငံက အကြောင်း အမျိုးမျိုး ပြပြီး တရားဝင် ဝယ်ယူမှု မပြုတာကြောင့် ဝန်ကြီး အဆင့်ချင်း ညှိလို့ မဖြစ်နိုင်တော့တဲ့ အတွက် သမ္မတ အဆင့်ကနေ ညှိနှိုင်းပေးဖို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမြင့်လှိုင်က ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

အခုရက်ပိုင်း အတွင်းမှာ တရုတ်နိုင်ငံဘက်က ဖမ်းဆီးမှုတွေ ရှိနေတဲ့ အတွက် မူဆယ်မှာ ဆန်တန်ချိန် ၅ သောင်းလောက် သောင်တင်နေတယ်လို့လည်း ဝန်ကြီးက ပြော ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်အောင် ကတော့ တရုတ်နိုင်ငံက ဆန်စပါး လိုအပ်ချက်ဟာ တစ်လကို တန်ချိန် ၅ သောင်းကနေ တစ်သိန်း အထိ ရှိကြောင်းပြောပါတယ်။

အရင်က မြန်မာ ဘက်က တရုတ်ကို တရားမဝင် တင်သွင်းမှုတွေကို တရုတ် နိုင်ငံဘက်က မျက်စိမှိတ်ထားပေမဲ့ အခုတော့ ဆန်တွေကို ဖြတ်ခွင့် မပေးတာဟာ နိုင်ငံရေး အခြေအနေတွေ ကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

တရုတ်နဲ့ဗီယက်နမ်နိုင်ငံ ကြားမှာ တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး တင်းမာ နေချိန်က တရုတ်က ဗီယက်နမ် ဆန်ကိုမဝယ်ဘဲ မြန်မာ နယ်စပ်က သွင်းလာတဲ့ ဆန်ကို မသိကျိုးကျွံပြု ဝယ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မူဆယ် နယ်စပ် ကုန်သွယ်ရေးက တဆင့် တရုတ်နိုင်ငံကို ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ခဲ့ ပါတယ်။

အခုအချိန်မှာ ဗီယက်နမ်နဲ့ ဆက်ဆံရေးပြန်လည် ကောင်းမွန် လာတဲ့အတွက် မြန်မာနိုင်ငံက ဆန်ကို မဝယ်ဘဲ ဗီယက်နမ် ဆန်ကို ပြန်လည် ဝယ်ယူနေတယ်လို့ ဆန်ကုန်သည် တွေက ပြောပါတယ်။

ဝန်ကြီး ဘက်က တင်ပြချက်ကို ဒုတိယ သမ္မတ ကတော့ တစုံတရာ တုံ့ပြန် ပြောဆိုမှု မရှိခဲ့ပါဘူး။

ဧရာဝတီ မြစ်ဆုံစီမံကိန်း ကိစ္စ၊ ကိုးကန့် အရေးတို့နဲ့ ပတ်သက်ပြီး တရုတ် မြန်မာ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့ပါတယ်။

ဒါကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ကိုလည်း ရိုက်ခတ် လာတာလို့ကုန်သည်တွေက သုံးသပ်ကြပါတယ်။

ဇွန်လ ၂၉ ရက်နေ့က လည်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ရုံးမှာပြုလုပ်တဲ့ တောင်သူလယ်သမား အခွင့်အရေးကာ ကွယ်ရေးနဲ့ အကျိုး စီးပွား မြှင့်တင်ရေး ဦးဆောင် အဖွဲ့ အစည်းအဝေးမှာ ဝန်ကြီး ဦးမြင့်လှိုင်က တင်ပြခဲ့တာ ဖြစ်ပါတယ်။