ALP ပါတီဝင်ဟောင်းတချို့ကို ဖမ်းဆီးသွား

ဓာတ်ပုံ မူပိုင် alp
Image caption အစိုးရ ချပေးတဲ့ ကားပါမစ်က ရတဲ့ငွေတွေကို ပါတီဝင်တချို့ အလွဲသုံးစား လုပ်ခဲ့တယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီစွပ်စွဲ

မြန်မာအစိုးရနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက တပ်ဖွဲ့ဝင် အချို့ဟာ ပါတီနဲ့ ပြဿနာ ဖြစ်ပွားနေတဲ့ သူတို့ဆီက အတွင်းရေးမှူးဟောင်း တစ်ဦးနဲ့ တပ်မှူးနှစ်ဦးကို စစ်တွေမြို့ ဟိုတယ်တစ်ခုကနေ ဇူလိုင်လ ၂ ရက်နေ့ ညက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အခု ဖမ်းဆီး ခေါ်ဆောင် ခံရသူ သုံးဦးဟာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက တွဲဘက် အထွေထွေ အတွင်းရေးမှူးဟောင်း ခိုင်ထွန်းလင်း၊ ရမ္မာဝတီ တပ်ရင်းမှူးဟောင်း ခိုင်ဘုန်းမြင့်ဇော်နဲ့ ဘဏ္ဍာရေးမှူးဟောင်း ခိုင်စိုးပိုင်တို့ ဖြစ်ကြပါတယ်။

သူတို့ သုံးဦးဟာ စစ်တွေမြို့ ကန်တော်ကြီး ဟိုတယ်မှာ တည်းခိုနေစဉ် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ တပ်ဖွဲ့ဝင် တချို့က ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီး ကွန်ယက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဘီဘီစီကို ပြောပြပါတယ်။

အခု ဖမ်းဆီးခံထားရသူသုံးဦးနဲ့ အရင် ALP ရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်း တစ်ဦး အပါအဝင် လေးဦးတို့ကို ငြိမ်းချမ်းရေး စယူစဉ်က အစိုးရက ကားပါမစ် ချပေးရာကနေ ရတဲ့ ကျပ်ငွေ သိန်းပေါင်း သုံးထောင်ကျော်ကို အလွဲသုံးစား လုပ်ခဲ့တယ် ဆိုပြီး ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီက စွပ်စွဲထားပါတယ်။

အဲဒီအမှုနဲ့ပဲ အဲဒီသုံးဦးကို အိန္ဒိယ မြန်မာ နယ်စပ် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှာ ခုနှစ်လ နီးပါး ဖမ်းဆီး ချုပ်နှောင် စစ်ဆေးခဲ့ပါတယ်။

သူတို့ကို ဖမ်းဆီး အကျဉ်းချထားရာကနေ လွန်ခဲ့တဲ့ လက ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး မြန်မာပြည်ထဲကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလူတွေကို ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဒေါ်ညိုအေးက ပြောပေမယ့် ရခိုင်ပြည်နယ် ရဲမှူးကြီးက နေမျိုးကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။

အခု နောက်ဆုံးရတဲ့ သတင်းအရ သူတို့ကို ပလက်ဝ နယ်စပ်က တဆင့် အိန္ဒိယဘက်ကို ခေါ်ယူသွားရာမှာ တပ်မှူးဟောင်း ခိုင်ဘုန်းမြင့်ဇော်က ရေထဲကို လက်ထိပ်နဲ့ ခုန်ချ ထွက်ပြေးသွားခဲ့တယ်လို့ သတင်း ရရှိပါတယ်။