နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ လုပ်မယ်

Election Voters
Image caption မဲစာရင်း မှားယွင်းမှုတွေ အချိန်မီ မပြင်နိုင်မှာကို မဲဆန္ဒရှင်တွေ စိုးရိမ်နေ

မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ အထွေထွေ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၈ ရက်နေ့က ကြေညာလိုက် ပါတယ်။

ရွေးကောက်ပွဲ ရက်ကို တရားဝင် ကြေညာပြီးရင် ရွေးကောက်ပွဲ ဝင်မဝင် ထုတ်ပြန်ပြောမယ်လို့ ပြောထားတဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကတော့ အခု လောလောဆယ် တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ပါတီ ဗဟို ကော်မတီ အစည်း အဝေး ခေါ်ယူပြီး ရက်ပိုင်း အတွင်း ထုတ်ပြန် ကြေညာမယ်လို့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေက ဘီဘီစီကို ပြောပါတယ်။

၃ ရက်လောက် အတွင်း စုစည်း ဆွေးနွေးပြီးရင် ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဗဟို ကော်မတီဝင် မိတ္ထီလာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

အန်အယ်လ်ဒီ ပါတီဘက်က ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတာတွေကို တွေ့မြင်နေရတဲ့ အတွက် ရွေးကောက်ပွဲကို ပါဝင်ဖို့ ဘက်ကို ပိုဦးတည်နေသလားလို့ ဘီဘီစီ က မေးတာကိုတော့ သူတို့ ပါတီ အနေနဲ့ ပြင်သင့်တာတွေကို အသင့်ပြင်ထားတာသာ ဖြစ်ပြီး ခေါင်းဆောင်တွေ အားလုံး သဘောထားအရ ဆုံးဖြတ်မယ်လို့ သူက ပြောပါတယ်။

မဝင်ဖို့ ဆုံးဖြတ်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ အပေါ် အခြေခံပြီး စဉ်းစားမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

လောလောဆယ်မှာတော့ ရွေးကောက်ပွဲ မတိုင်ခင် မဲစာရင်း အမှားအယွင်း တွေ ရှိနေတာတွေကို အချိန်မီ ပြင်နိုင် ဖြစ်နိုင်ပါ့မလား ဆိုတာက မေးစရာ ဖြစ်နေပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ပြောခဲ့သလို ရွေးကောက်ပွဲနဲ့ အတူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲကို ကျင်းပမလား ဆိုတာနဲ့ ပတ်သက်လို့တော့ အခု လောလောဆယ် မပြောနိုင်သေးဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ပြောရေး ဆိုခွင့် ရှိသူ ဦးလှမောင်ချိုက ဆိုပါတယ်။