ရွေး​ကောက်​ပွဲ​ရက်​ထွက်​လာ​ပြီး ပါ​တီ​ကြီး​တွေ လှုပ်​လှုပ်ရှား​ရှား​ဖြ​စ်

_u_htay_oo ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် လောင်း အနေနဲ့ ဝင်ပြိုင်ဖို့ စစ်တပ် ကနေ ပို့ထားတဲ့ သူတချို့ ကို အတည်ပြုဖို့ တော့ ပြည်ခိုင်းဖြိုး ပါတီ ထဲ မှာ မပြီးမပြတ် ဖြစ်နေ။

၂၀၁၅ ရွေးကောက်ပွဲ ကို နိုဝင်ဘာ ၈ ရက် နေ့ မှာ ပြုလုပ် မယ် ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ၄ လ အကြို မှာ သတ်မှတ် ကြေညာ လိုက်တဲ့ နောက် ရွေးကောက်ပွဲ ဝင် ကြမယ့် နိုင်ငံရေး ပါတီ ကြီး တွေ ဘက် ကလည်း တုန့်ပြန် လှုပ်ရှား လာ ကြ ပါတယ်။

ကော်မရှင် ရဲ့ ကြေညာ ချက် ထွက် လာတဲ့ မနေ့ ကပဲ (ဇူလိုင် လ ၈ ရက် နေ့ မှာပဲ) အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ က တိုင်းဒေသကြီး နဲ့ ပြည်နယ် အသီးသီး မှာ အစည်းအဝေး တွေ ချက်ခြင်း ခေါ် ယူ ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ် တွေ အကြောင်း ဆွေးနွေး ခဲ့ ကြ ပါတယ်။

ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် လောင်း အနေနဲ့ ဝင်ပြိုင်ဖို့ စစ်တပ် ကနေ ပို့ထားတဲ့ သူတချို့ ကို အတည်ပြုဖို့ တော့ ပြည်ခိုင်းဖြိုး ပါတီ ထဲ မှာ မပြီးမပြတ် ဖြစ်နေပါ သေးတယ်။

ဘယ်ကနေ လာလာ ပါတီကို သစ္စာခံ ယုံကြည်ပြီး ပြည်သူ ကောင်းကျိုး ဆောင်ရွက် နိုင်မယ့် သူမျိုး၊ ထောင်ခံ မှု ရရှိနိုင်မယ့် သူမျိုး ကို ကိုယ်စားလှယ် လောင်း အဖြစ် ရွေးချယ် မယ်လို့ ပြည်ခိုင်ဖြိုး ပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး က ပြောပါတယ်။

ရခိုင် အမျိုးသားပါတီ ကတော့ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ ပါတီ ဗဟိုကော်မတီ အစည်း အဝေး ခေါ်ယူပြီး ကိုယ်စားလှယ်လောင်း စာရင်းတွေကို အပြီးသတ် ဆုံးဖြတ် မယ်လို့ ပါတီဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။

၁၈ နှစ် ပြည့်ပြီးတဲ့ နိုင်ငံသား တိုင်း မဲပေးပိုင်ခွင့် ရှိရအောင် ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ထားတဲ့ အမှားအယွင်း များနေတဲ့ မဲပေးပိုင်ခွင့် ရှိသူ စာရင်း တွေ ကို ပြင်ဆင်ဖို့ အရေးတကြီး လိုအပ် တယ် လို့လည်း ဒေါက်တာအေးမောင် က ဆိုပါတယ်။

အဓိက အတိုက်အခံ ပါတီ အဖြစ် ယူဆထားကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကတော့ အခုထက်ထိ ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး ရှင်းရှင်းလင်းလင်း မထုတ်ပြန် သေး ပေမယ့် ဒီ ကိစ္စ ကို ဆုံးဖြတ် ဖို့ မကြာခင် ဗဟို ကော်မတီ အစည်းအဝေး ခေါ်ယူ ဖို့ ရှိ ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ဟာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ် မှာ အရေးကြီးတဲ့ အဆင့်တစ်ရပ် လို့ မြန်မာ့ အရေး သုံးသပ်သူ တော်တော်များများ က ယူဆ ထားကြပြီး အတိုက်အခံ ပါတီ NLD အနေနဲ့ ရွေးကောက်ပွဲ မှာ ပါဝင် ပတ်သက်မှာလား ဆိုတာနဲ့ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်အောင် မြန်မာ အာဏာပိုင် တွေ အနေနဲ့ ဘယ်လောက် ဆောင်ကြည်း ပေး နိုင် မလဲ စတာ တွေ ကို တကမ္ဘာ လုံး က စိတ်ဝင်တစား စောင့်ကြည့် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ