အနိမ့်ဆုံး တရက် လုပ်ခ ၄၀၀၀ ကျပ်တောင်းဆို ဆန္ဒပြ

munimum_protest ဓာတ်ပုံ မူပိုင် EPA
Image caption တရက် ကျပ် ၄၀၀၀ အနိမ့်ဆုံး လုပ်ခ သတ်မှတ် ပေးဖို့ ဆန္ဒပြကြ

အနိမ့်ဆုံးလုပ်ခ လစာ ၃၆၀၀ ကျပ် သတ်မှတ်မှာ ကို လက်မခံလိုတဲ့အတွက် ဆန္ဒထုတ်ဖော်ပြသ ရတာလို့ ရန်ကုန် မှာ ဆန္ဒပြတဲ့အလုပ်သမားတွေ က ဘီဘီစီ ကို ပြောပါတယ်။

စက်ရုံလုပ်သား ၅၀၀ နီးပါးခန့် ဟာ တရက်လုပ်ခ ကျပ် ၄၀၀၀ သတ်မှတ်ပေးရေးအတွက် လှိုင်သာယာ စက်မှုဇုန် က လမ်းမတွေ ပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူတယောက်ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ရက် က ကိုအောင်စိုးမင်း က သူတို့အတွက် တနေ့ ကျပ် ၃၆၀၀ ဟာ လုံလောက်မှု မရှိနိုင်ဘူး လို့ ပြောပါတယ်။

အလုပ်သမား၊ အလုပ်ရှင် နဲ့ အစိုးရ ဘက် က ကိုယ်စားလှယ် အသီးသီး ပါဝင်တဲ့ အနည်းဆုံး အခကြေးငွေဆိုင်ရာ ကော်မတီက အဆိုပြုနှုန်းထား အဖြစ် တရက်ကို ကျပ် ၃၆၀၀ ရဖို့သတ်မှတ်ထားပါတယ်။

တချို့အလုပ်ရှင်တွေ ကလည်း တရက် ၃၆၀၀ ကျပ်ဆိုရင်တောင် ပေးဖို့ မတတ်နိုင်တဲ့အတွက် သူတို့စက်ရုံတွေ ကို ပိတ်ရလိမ့်မယ် လို့ သတိပေးထားပါတယ်။

အလုပ်ရှင် အလုပ်သမားတွေက အခုအဆိုပြုနှုန်းထား ကို ကန့်ကွက်နိုင်ပြီး အချိန်ကာလ (၂)ပတ် သတ်မှတ်ပေးထားပါတယ်။

အဲဒီ ကာလ အတွင်း ပေးပို့တဲ့ ကန့်ကွက်လွှာတွေကို ကော်မတီက ပြန်လည်သုံးသပ် ပြီး ရက်ပေါင်း (၆၀) အတွင်း (၂)ဖက် ညှိနှိုင်းဆောင်ရွက်ရမှာပါ။

ညှိနှိုင်းလို့ မရရင်တော့ အလုပ်သမားတွေကို တနေ့လုပ်ခ ၃၆၀ဝ ပေးသင့် မပေးသင့်ကို ကော်မတီ ကိုယ်စားလှယ် (၂၇)ဦးကနေ မဲခွဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။