တရုတ်ပြည်ကို အများစု လူကုန်ကူးခံရ

Image caption လူကုန်ကူးမှုအများဆုံးကို တရုတ်နယ်စပ်မှာ တွေ့ရှိ

၂၀၁၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို အများဆုံး လူကုန်ကူးမှုတွေရှိပြီး ဖမ်းဆီးရမှုတွေလည်း ပိုမိုမြင့်တက်လာတယ်လို့ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လူကုန်ကူးခံရသူတွေထဲမှာ ၆၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံကို အဓမ္မထိမ်းမြားမှုနဲ့ ပို့ခံရသူတွေရှိပါတယ်။

လူကုန်ကူးခံရသူပေါင်း ၃၀၀ကျော်ရှိပြီး အများစုဟာ ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ် တရုတ်နယ်စပ်နားမှာ ဖြစ်ကြတယ်လို့ လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ထွန်းကပြောပါတယ်။

အလုပ်အကိုင်ရရှိမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်တွင်းလူကုန်ကူးမှုတွေရှိသလို၊ ထိုင်းနိုင်ငံဖျော်ဖြေရေးလုပ်ငန်းတွေဆီကိုလည်း လူကုန်ကူးခဲ့ကြပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း၊ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်တို့မှာလည်း စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ထိုင်းနိုင်ငံဘက်ကို လူကုန်ကူးခံရတာတွေရှိပါတယ်။

လူကုန်ကူးခံရသူတွေထဲမှာ ပညာတတ်တွေလည်းအလိမ်ခံရတာတွေ့ရတာကြောင့် ဒေသတွင်းအလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့်ဖြစ်တယ်လို့ ရဲမှူးချုပ်ဝင်းနိုင်ထွန်းကပြောပါတယ်။

အဲဒီအတွက် လူကုန်ကူးမှုပပျောက်ရေးပညာပေးလုပ်ငန်းတွေ နဲ့ ဆင်းရဲသား လျှော့ချရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးဖို့ လို့တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့နှစ်အတွင်း လူကုန်ကူးမှုနဲ့ တရာခံပေါင်း ၃၇၀ နီးပါးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။