ဦးအောင်သောင်းကွယ်လွန်

Image caption သူ့ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ညနေ စင်္ကာပူ ကနေ ရန်ကုန်ကို ပြန်သယ်လာမယ်လို့ သိရ ပါတယ်

ဦးနှောက်သွေးကြော ပေါက်သဖြင့် စင်္ကာပူ နိုင်ငံတွင် ဆေးကုသမူ ခံယူ နေသော ပြည်ခိုင်ဖြိုး ပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း ဟာ ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် ကွယ်လွန် သွားပြီ ဖြစ်ကြောင်း မိသားစုဝင်များ ထံမှ သတင်း ရရှိပါတယ်။

ဦးအောင်သောင်းကို နေပြည်တော် ဆေးရုံကနေ ဇူလိုင်လ ၉ ရက်နေ့က စင်္ကာပူ နိုင်ငံကို ပို့ဆောင် ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ရုပ် အလောင်းကို ဒီကနေ့ ညနေ စင်္ကာပူကနေ ရန်ကုန်ကို ပြန်သယ် လာမယ်လို့ သိရပါတယ်။

ဦးအောင်သောင်းဟာ နဝတ အစိုးရ လက်ထက်တွင် စက်မူ( ၁ ) ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ရင်းနှီးသူ ဖြစ်သလို ဩဇာ ကြီးမားသော ဝန်ကြီး တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် တောင်သာ မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ရွေးချယ် ခံပြီး အနိုင် ရရှိခဲ့ ပါတယ်။

ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာ ၁ ရက် နေ့တွင် မွေးဖွါး ခဲ့ပြီး လာမည့် ဒီဇင်ဘာလတွင် အသက် ၇၅ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

ဦးအောင်သောင်း ဘဝကောက်ကြောင်း

ဦးအောင်သောင်းကို တောင်သာမြို့ ဝဲလောင်ရွာအနီး က ကျောက်ကာရွာမှာ ၁၉၄၀ ဒီဇင်ဘာ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

ဝဲလောင်အစိုးရအထက်တန်ကျောင်းကနေ ၁၀တန်းအောင်ခဲ့ပြီး မန္တလေးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။

၁၉၆၂ ခုနစ်မှာ ဘွဲ့ရပြီးတဲ့နောက် တောင်တွင်းကြီးမြို့၊ မြို့သစ်မှာ ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ကျောင်းဆရာအဖြစ်ကနေ ၁၉၆၄ မှာ ဗိုလ်သင်တန်းအမှတ်စဉ် ၃၁ ကိုတက်ရောက်ခဲ့ပါတယ်။

ဒီနောက် စစ်တပ်မှာ အဆင့်ဆင့် တာ၀န်ထမ်းဆောင်ခဲ့ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စစ်ဦးစီးပထမတန်းဂျီဝမ်း ဖြစ်လာခဲ့ပါတယ်။

အဲဒီကနေ စစ်အစိုးရ လက်ထက်မှာ စစ်ဗျူဟာမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီကနေ ၁၉၉၁ မှာ မကွေးတိုင်းတဝတ တိုင်းငြိမ်ဝပ်ပိပြားရေး ကော်မီတီ ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

၁၉၉၃ မှာ ကုန်သွယ်ရေးဒုဝန်ကြီး၊ ဒီနောက် မွေးမြူရေးနဲ့ရေလုပ်ငန်း၀န်ကြီး၊ နောက်ဆုံး ၁၉၉၇ ခုနှစ်ကနေ ၂၀၁၀ အထိ စက်မှု ၁ ဝန်ကြီးအ ဖြစ် တာဝန်ယူခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

လောလောဆယ် ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မီတီဥက္ကဌအဖြစ်တာဝန်ယူထားသူဖြစ်ပါတယ်။

သူစက်မှု ၁ ဝန်ကြီးဖြစ်ချိန်မှာ သူ့ရဲ့ လုပ်ဆောင်ချက် တွေနဲ့ပတ်သက်လို့ ဝေဖန်မှု အများအပြား ထွက်ပေါ်ခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ ခေါင်းဆောင်တဦးဖြစ်သလို ပြည်ခိုင်ဖြိုးပါတီအဖြစ် ပြောင်းလဲလာချိန်မှာလည်း ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ပါတယ်။

လက်ရှိ မှာလည်း အာဏာရပါတီရဲ့ သြဇာလွှမ်းမိုးမှုရှိတဲ့ ဗဟို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။

၂၀၀၃ ခု ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦး ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်း တိုက်ခိုက်ခံရမှုကို ဦးအောင်သောင်းနောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ နိုင်ငံရေးလှုပ်ရှားသူအများစုက ယူဆကြပါတယ်။

မြန်မာနိုင်အတွင်း ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွေ မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအကြမ်းဖက်မှုတွေဟာ ဦးအောင်သောင်းနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာခဲ့ပါတယ်။

ဒီနောက် ၂၀၁၄ အောက်တိုဘာလမှာတော့ အမေရိကန်အစိုးရက ဦးအောင်သောင်းကို မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်အောင် ကြိုးစားတယ်ဆိုပြီး Black List နာမည်ပျက်စာရင်းသွင်းအရေးယူခဲ့ပါတယ်။

ဦးအောင်သောင်းဟာ ဦးဏှောက်တွင်း သွေးကြောပေါက်တဲ့ ရောဂါနဲ့ နေပြည်တော်ဆေးရုံမှာ ပထမ ဆေးဝါးကုသမှုခံယူပြီး ဇူလိုင်လ ၉ ရက် နေ့မှာ စင်္ကာပူနိုင်ငံကို ပြောင်းရွေ့ကုသခဲ့ပါတယ်။

သူ့ဇနီးဒေါ်ခင်ခင်ရီဟာ ၂၀၁၃ ဇူလိုင်လက ကွယ်လွန်ခဲ့ပါတယ်။

ဦးအောင်သောင်းမှာ သားသမီး ၄ ဦးကျန်ခဲ့ပြီး အကြီဆုံးက ရေတပ်ဗိုလ်မှူးချုပ်မိုးအောင်

ယူနိုက်တက် အမရဘဏ်ဥက္ကဌ ဦးနေအောင် ၊ ဦးပြည်အောင်နဲ့ ဒေါ်ခင် ငုရည်ဖြိုး တို့ ဖြစ်ကြပါတယ်။