မြန်မာ ရေဘေးဒုက္ခ အပေါ် စိုးရိမ်ကြောင်း ကုလအဖွဲ့ UNOCHA ထုတ်ပြန်

kalay_floods ဓာတ်ပုံ မူပိုင် Aungthu Kalay
Image caption ရေဘေး ဒုက္ခသည်တွေဆီ အရောက်သွားဖို့ ခက်ခဲနေ။

မြန်မာနိုင်ငံ တနံတလျား မှာ လက်ရှိ ဖြစ်ပေါ် နေတဲ့ ရေဘေး ဒုက္ခ ကြောင့် လူ့ အသက် အိုးအိမ် တွေ ပျက်စီး နေရတဲ့ အပေါ် အင်မတန် စိုးရိမ် တယ် ဆိုပြီး ကုလသမဂ္ဂ ရဲ့ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး ရုံး UNOCHA က ထုတ်ပြန် ပါတယ်။

ရေဘေး ကျရောက် နေတဲ့ ဒေသ တချို့ ဆီကို မြန်မာ ဌာနေ OCHA ရုံး ကနေ လူတွေ စေလွှတ်ဖို့ ကြိုးစား ပေမယ့် လမ်းတွေ တံတား တွေ ပျက်စီး နေပြီး ရေကြီး နေတဲ့ မြစ်ကြောင်း တွေ မှာ လည်း သစ်လုံးတွေ မျော နေတာ မျိုး လို အတားအဆီး တွေ ရှိနေ တဲ့ အတွက် လိုရာ မရောက် ဖြစ် နေရ ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ OCHA ရုံး ရဲ့ အကြီးအကဲ Mark Cutts က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ကြောင့် လက်ရှိ ဖြစ်ပေါ် နေတဲ့ သဘာဝ ဘေး အန္တရာယ် ဟာ မြန်မာ နိုင်ငံ တဝှမ်း က လူ ဘယ်လောက် ပမာဏ ကို ထိခိုက် နေတယ် ဆိုတာ ကိန်းဂဏန်း အတိအကျ နဲ့ ပြောဖို့ ခက် တယ် လို့လည်း မစ္စတာ ကတ်စ် က ဆိုပါတယ်။

မြန်မာ အစိုးရ မှာ လူအင်အား နဲ့ လိုအပ် တဲ့ ကယ်ဆယ်ရေး ပစ္စည်း တွေ ရှိ ပေမယ့် ဖြစ် ပေါ် နေတဲ့ အတိုင်းအတာ ဟာ ကြီးမား တဲ့ အတွက် ပြင်ပ အကူအညီ နဲ့ ရံပုံငွေ လိုအပ်ချက် တွေလည်း ရှိနိုင် တယ် လို့ မစ္စတာ ကတ်စ် က ပြောပါတယ်။

UNOCHA အနေ နဲ့ ဖြစ်ပေါ် နေတဲ့ အတိုင်းအတာ ပေါ် မူတည်ပြီး အကူအညီ ပေး နိုင်အောင် ပြင်ဆင် နေတယ် လို့ ဆိုပါတယ်။

အရေးပေါ် အခြေ အနေ ကြေညာ ထားရတဲ့ တိုင်းနဲ့ ပြည်နယ် တွေ ထဲ က ဒေသ တွေမှာ ရေ မကျ သေးပဲ လူတွေ သိန်းနဲ့ ချီ ဒုက္ခ ရောက်ကာ အကူအညီ တွေ အလုံးအရင်း နဲ့ လိုအပ် နေပါတယ်။

အစိုးရ ရဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချ ထားရေး ဦးစီး ဌာန ကနေ ဘီဘီစီ ကို ပြောကြား ချက် မှာ သေဆုံးသူ ၂၇ ဦး ရှိ သွားပြီ လို့ ဆိုပြီး ဒေသခံ တွေ ကတော့ သေဆုံးသူ အရေ အတွက် ဒီ့ထက် ပို နိုင်တယ် လို့ ပြောနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ