ရေ​ဘေး​သင့်​သူ​တွေ မူလ​အခြေအနေ ပြန်​ရ​ဖို့ အချိန်​ယူရမယ်

_flood
Image caption ပြန်လည် ထူထောင်ရေး နဲ့ ပြန်လည် တည်ဆောက် ရေး ကော်မတီ ဆိုပြီး ဆောက်လုပ်ရေး ဝန်ကြီး က ဦးဆောင် ဖွဲ့မယ်။

ရေကြီး နစ်မြုပ် ခဲ့ရတဲ့ မြန်မာနိုင်ငံ တဝှမ်း က ရေဘေးသင့် ပြည်သူတွေ အတွက် လူမှု-စီးပွား ဘဝ ရပ်တည် နိုင်တဲ့ အဆင့် ထိ ပြန်လည် ရရှိအောင် ထူထောင် ပေးဖို့ ဆိုရင် အချိန် ယူရမယ် ဆိုပြီး ဒီ ကိစ္စတွေ ကို တာဝန်ယူ ကိုင်တွယ် နေတဲ့ အစိုးရ အဆင့်မြင့် အရာရှိ တစ်ဦး က ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန က ညွှန်ကြားရေးမှုး တစ်ဦး ဖြစ်တဲ့ ဦးဝင်းရွှေ ရဲ့ အဆိုအရ ရေကျ သွားတဲ့ နေရာတွေ မှာ ရှင်းလင်းရေး တွေ လုပ်ဆောင် ပြီးရင် ပြန်လည် ထူထောင် ရေး ကဏ္ဍ ရောက်လာမှာ ဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ အာဏာပိုင် တွေ အနေနဲ့ ပြန်လည် ထူထောင်ရေး နဲ့ ပြန်လည် တည်ဆောက် ရေး ကော်မတီ ဆိုပြီး ဆောက်လုပ်ရေး ဝန်ကြီး က ဦးဆောင် ဖွဲ့မှာ ဖြစ်တယ် လို့လည်း ဦးဝင်းရွှေ က ဆိုပါတယ်။

ဒါပေမယ့် ပျက်စီး သွားတဲ့ အိမ်တွေ ကို ပြန် ဆောက် ပေးရုံနဲ့ မပြီး၊ မူလ လူမှု-စီးပွား အခြေအနေ ကို ပြန်ရဖို့ ရေရှည် အချိန်ယူ ဆောင်ရွက် ရမှာ မျိုး ဖြစ်တယ် ဆိုပြီး ဦးဝင်းရွှေက ပြောပါတယ်။

ရေကြီးမှု ကြောင့် စိုက်ပျိုးမြေ တွေ နဲ့ အိုးအိမ် တွေ ပျက်စီး ဆုံးရှုံး တဲ့ ဒဏ်ကို ခံလိုက်ကြရ သူ အရေအတွက် ဟာ အောက် မြန်မာပြည် မှာတင် သိန်း ဂဏန်း ပေါင်း များစွာ ရှိနေပါတယ်။

ညောင်တုန်း မြို့ သဗြုရေလည် အုပ်စု ရွှေဒင်္ဂါး ကျေးရွာက မဝင်းလဲ့လဲ့ဌေး က သူ့ မိသားစု ရဲ့ ကိုင်း ဆယ်ဧက ဆုံးရှုံး သွားမှု အတွက် ဘာမှ ကူညီ ထောက်ပံ့မှု မရ သေးဘူး လို့ ပြောပါတယ်။

ကိုယ်ပိုင် ကိုင်း အလုပ် မလုပ် နိုင်တော့ရင် သူတပါးဆီ အငှား လိုက်ရင်း နဲ့ ဝမ်းရေး ဖြေရှင်း ရတော့မယ် ဆိုပြီး တော့လည်း မူလ အခြေအနေ က နေ ပျက်ယွင်း သွားရမယ့် အရေး ကို ဘီဘီစီ ကို ပြောပြ ပါတယ်။

စပါး စိုက်ပျိုးပြီး ဧက တွေ ထောင်ချီ ပျက်စီး ခဲ့ရတဲ့ မွန်ပြည်နယ် ထဲ မှာလည်း ပြန်လည် စိုက်ပျိုး နိုင်ဖို့ မျိုးစပါး လိုအပ် နေတယ် ဆိုပြီး ဘီးလင်းမြို့နယ် ဝါးခ ကျေးရွာသား ကိုမျိုးအောင် က ဆိုပါတယ်။

ရေဘေးသင့် လယ်သမား တွေ အတွက် နေ့စဉ် စားရေး သောက်ရေး အတွက် ပူပင် နေရ သလို ရေရှည် အတွက် လယ်မြေ လုပ်ငန်း ကို ဘယ်လို ပြန် ထူထောင် ရမလဲ ဆိုတာ ကိုပါ စိတ် သောက ရှိနေ ကြရ ကြောင်း ကိုမျိုးအောင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ