NLD ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေး SB တောင်း

Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် EPA
Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးရာဇဝင်ကိုပါ ရဲ ကတောင်း

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် လောင်းတွေရဲ့ ကိုယ်ရေး ရာဇဝင်တွေ ကို Special Branch ရဲ အထူးသတင်း တပ်ဖွဲ့ က စစ်ဆေးဖို့ တောင်းယူ နေတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဒီလို တောင်းယူနိုင်တဲ့ ဥပဒေ ပြဌာန်းချက်လည်း မရှိတဲ့အပြင် တောင်းခံတဲ့ ပုံစံမှာ လက်မှတ်ထိုး ခိုင်းတာ ကိုလည်း လက်မခံနိုင်ဘူးလို့ သူက ပြောပါတယ်။

အဲဒီပုံစံထဲမှာ ကိုယ်စားလှယ်လောင်းကို သူ ငယ်စဉ်ကစလို့ အခုအသက်အရွယ်အထိ ကိုယ်ရေး ရာဇဝင် အသေးစိတ်ကို ဖြည့်ခိုင်း နေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ ဥပဒေအရ သတ်မှတ်ထားခြင်းမရှိတဲ့ ဒီလို အပြုအမူမျိုးကို လက်ခံနိုင်ခြင်းမရှိလို့ ငြင်းဆိုလိုက်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အရင်ရွေးကောက်ပွဲ ဝင်ခဲ့စဉ်က အခုလိုမျိုး ကိုယ်ရေးအချက်တွေကို ရဲထောက်လှမ်းရေးက လာတောင်းတာမျိုး မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

အဲန်အယ်လ်ဒီကိုသာ မက တခြားပါတီက ကိုယ်စားလှယ်လောင်းတွေကိုလည်း အခုလို တောင်းခံမှုမျိုး ရှိနေကြောင်းကြားရတယ်လို့ ဆိုပါတယ်။

ကိုယ်စားလှယ်တချို့က လိုက်လျောပြီး လက်မှတ်ထိုးပေး ခဲ့ကြပါတယ်။ မထိုးပေးတဲ့ သူတွေကိုတော့ အတင်းအကြပ် ဖိအားပေး တာမျိုး မရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။