ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးလောင်းတွေ အမည်စာရင်းသွင်း

ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်နေရာတွေ အပါအဝင် ရာထူး အပြောင်းအလဲတွေ အခုရက်ပိုင်းမှာ ရှိခဲ့

လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် တပ်မတော်ကနေ အငြိမ်းစား ယူသွားခဲ့တဲ့ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတွေ နေရာမှာ ပြန်လည် အစားထိုး ခန့်အပ်ဖို့ ဝန်ကြီးလောင်းတွေရဲ့ အမည် စာရင်းကို နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်ကို တင်သွင်း လိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ရာထူးနေရာမှာ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ အရာရှိချုပ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာမှာ စစ်ဦးစီးအရာရှိချုပ် (ကြည်း) နဲ့ ကစထမှူး တာဝန် ထမ်းဆောင်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို အစားထိုး ခန့်အပ်ဖို့ နိုင်ငံတော် သမ္မတက အင်္ဂါနေ့က အမည် စာရင်း တင်သွင်းလိုက်တာပါ။

ကန့်ကွက်မယ့်သူ မရှိဘူး ဆိုရင်တော့ အဲဒီ ပုဂ္ဂိုလ်တွေ ဝန်ကြီးတွေ ဖြစ်လာကြမှာ ဖြစ်သလို နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေလည်း ဖြစ်လာတော့မှာပါ။

ဒါ့အပြင် တပ်မတော်ရဲ့ တတိယ ခေါင်းဆောင် ဖြစ်တဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူးကိုလည်း လက်ရှိ လေတပ် ဦးစီးချုပ်ကို ပူးတွဲ တာဝန် ထမ်းဆောင်စေမယ်လို့ တပ်မတော် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီတာဝန်ကို လေတပ်ဦးစီးချုပ် တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ကို ပူးတွဲ ထမ်းဆောင်ဖို့ တာဝန် ပေးအပ်လိုက်တာဟာ ထူးခြားမှုတခုလို့ သုံးသပ်နေကြပါတယ်။

အရင်က တပ်မတော်ရဲ့ ဒီလို အဆင့်မြင့် ရာထူးတွေကို ကြည်းတပ်က ပုဂ္ဂိုလ်တွေသာ ရကြလေ့ ရှိတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် တပ်မတော် အရာရှိ ၄၅ဦးခန့် ရာထူး အပြောင်းအလဲတွေ ရှိခဲ့ပြီး ဒီအပြောင်းအလဲဟာ မြန်မာ့ တပ်မတော်မှာ အများဆုံး ရာထူး အပြောင်းအလဲ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။