ကိုယ်စားလှယ်လောင်းအဖြစ် လက်ရှိ လွှတ်တော်အမတ် ပယ်ချခံရ

_shwe_maung_
Image caption _shwe_maung_

ရခိုင်ပြည်နယ် မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင် က လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ကို အခု လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ထပ်မံ ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အရည်ချင်းနဲ့ ကိုက်ညီမှု မရှိဘူး ဆိုပြီး ပယ်ချ လိုက်ပါတယ်။

လျှောက်ထားသူ မွေးဖွားစဉ် မိဘ ၂ ပါးစလုံး နိုင်ငံသား ဖြစ်ရမယ် ဆိုတဲ့ စည်းမျဉ်း နဲ့ မကိုက်ညီ တဲ့ အတွက် ပယ်ချရတာ ဖြစ်ကြောင်း ခရိုင် ကော်မရှင် က အကြောင်းပြချက် ပေးခဲ့တယ် လို့ ဘူးသီးတောင် ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင် က ဘီဘီစီ ကို ပြောပါတယ်။

ဦးရွှေမောင်က တော့ ခရိုင် ကော်မရှင် ရဲ့ အကြောင်းပြချက် ကို ငြင်းပယ် လိုက် ပြီး သူ့ရဲ့ မိဘ ၂ ပါးစလုံးဟာ သူမွေးဖွားစဉ် မှာ နိုင်ငံသား တွေ ဖြစ်ကြတယ် ဆိုတဲ့ သက်သေ အထောက်အထား တွေ ခိုင်ခိုင် လုံလုံ တင်ပြ လျှောက်ထား ခဲ့ တာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒါ့ကြောင့်လည်း အလားတူ စည်းမျဉ်း သတ်မှတ် ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်း ကလည်း အခုတခေါက် တင်ပြ ခဲ့တဲ့ သက်သေ အထောက်အထား တွေ ကို ပဲ အဆင့်ဆင့် သော ရွေးကောက်ပွဲ ကော်မရှင် တွေ က လက်ခံခဲ့လို့ ရွေးကောက်ပွဲ ဝင်နိုင် ခဲ့တာ ဖြစ်တယ် လို့ ဦးရွှေမောင် က ဆိုပါတယ်။

၂၀၁၀ တုန်း က လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ ကိုယ်စားလှယ် အနေ နဲ့ ရွေးကောက်ပွဲ မှာ အနိုင် ရခဲ့တဲ့ ဦး ရွှေမောင်ဟာ အခု ၂၀၁၅ မှာ တော့ တသီးပုဂ္ဂလ အမတ် အဖြစ် ဝင်ရောက် ဖို့ လျှောက်ထား ခဲ့တာ ဖြစ်ပါတယ်။

မောင်တော ခရိုင် ကော်မရှင် ရဲ့ အခု အဆုံးအဖြတ် ဟာ နိုင်ငံသား တစ်ယောက် ရဲ့ ရရှိပြီး အခွင့်အရေး ကို ပြန်လည် ရုတ်သိမ်း တာ မျိုး ဖြစ်နေတဲ့ အတွက် ဥပဒေ နဲ့ မညီညွတ်ဘူး လို့ ဦးရွှေမောင် က ဝေဖန် လိုက် ပြီး အယူခံ အဆင့်ဆင့် ဝင် သွားမယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ