ရွေးကောက်ပွဲ ကော်မရှင်က နောက်ထပ် ကိုယ်စားလှယ်လောင်းတွေ ပယ်ချ

ဓာတ်ပုံ မူပိုင် Election Commission
Image caption ကိုယ်စားလှယ်လောင်း တင်သွင်းမှုတွေကို ရွေးကောက်ပွဲ ကော်မရှင် စိစစ်ဆောင်ရွက်နေ

ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀)ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တစ်ဦးကို သက်ဆိုင်ရာ ကော်မရှင်က ပယ်ချ လိုက်ပါတယ်။

အမျိုးသား လွှတ်တော်က ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ် တစ်ဦးဟာ ဥပဒေအရ အသက် ၃၀ ပြည့်ရမှာ ဖြစ်ပါတယ်။

ကော်မရှင်က ပယ်ချလိုက်တဲ့ ကိုယ်စားလှယ်လောင်းဟာ အခုချိန်မှာ အသက် ၃၀ မပြည့်သေးပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်မှာ အသက် ၃၀ ပြည့်မှာ ဖြစ်တဲ့အတွက် ကော်ရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံ ဝင်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အသက် ၃၀ ပြည့်တယ် ဆိုရင် ဥပဒေကြောင်းအရ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ ရှေ့နေကြီး ဦးသိန်းညွန့်က ပြောပါတယ်။

အလားတူပဲ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် သင်္ကန်းကျွန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်ကိုလည်း ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ဆိုပြီး ကော်မရှင်က ပယ်ချခဲ့ပါတယ်။

ဒေါ်စန်းစန်းမြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

ဒေါ်စန်းစန်းမြင့့် ၁၅နှစ် သမီးကတည်းက သူ့မိဘ ကွယ်လွန်သွားခဲ့ကြောင်းနဲ့ မိခင်က ကရင်၊ ဖခင်က မွတ်ဆလင် ဖြစ်လို့ ဘင်္ဂါလီ မြန်မာလို့ ရေးထားတာအပေါ် မူတည်ပြီး မိဘရဲ့ မှတ်ပုံတင် မပြနိုင်လို့ ဆိုပြီး အပယ်ခံခဲ့ရတာ ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။

အရင် ၅နှစ်၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ခွင့်ပြုခဲ့ပြီး အခုကျမှ ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း ဒေသကြီးကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ဦးနဲ့ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေတဲ့ ဘူးသီးတောင် မြို့နယ်က ဝင်ရောက်ယှဉ် ပြိုင်မယ့် ဦးရွှေမောင်း ကိုလည်း ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီတဲ့အတွက် သက်ဆိုင်ရာ ကော်မရှင်က ပယ်ချထားပါတယ်။

ဒီလို ပယ်ချတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ ကတော့ အယူခံ ဝင်သွားမယ်လို့ သိရပါတယ်။

အယူခံဝင်လို့ ရှုံးနိမ့်သွားတယ်ဆိုရင်တော့ အဲဒီ မဲဆန္ဒနယ်အတွက် အစားထိုး ဝင်ပြိုင်လို့ ရတော့မှာ မဟုတ်ပါဘူး။