ရခိုင်ပြည်နယ် လေးမြို့မြစ် အထက်ပိုင်းက ရေကြီးဒုက္ခသည်တွေ

rakhine_floods
Image caption ရခိုင်ပြည်နယ် ရေကြီးစဉ် က

ဇူလိုင် အကုန်ပိုင်းက ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ရေကြီးမှုဟာ ၂၀၁၀ တုန်းက ရခိုင်ကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းထက် ဆယ်ဆမက အပျက်အစီးများတယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောဆိုပါတယ်။

ရခိုင် ရေကြီးမှုမှာ လူပေါင်း ၇၀ ခန့် သေဆုံးကာ ကျွဲနွားကောင်ရေ ၅၀၀၀ နီးပါး သေဆုံးပြီး စိုက်ပျိုးထားတဲ့ စပါး စိုက်ခင်း ဧက နှစ်သိန်းကျော်ပျက်စီးခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရ က ထုတ်ဖော်ပြောကြား ထားပါတယ်။

ရေဘေးနဲ့ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ် လေးမြို့မြစ် အထက်ပိုင်းက ကျေးရွာအတော်များများမှာ ရေတိုက်စားပြီး အိမ်တွေ မြစ်ထဲပါသွားခဲ့သလို ဥယျာဉ်ခြံမြေတွေလည်း မြစ်ရေထဲပါသွားတဲ့ အတွက် အပျက်အစီး တော်တော် များခဲ့ပါတယ်။

ချော်မေရွာဟာ အိမ်ခြေ ငါးဆယ်ခန့်ရှိပြီးအိမ် ၅အိမ် လေးမြို့ မြစ်ရေနဲ့ အတူ ရေထဲကို ပါသွားခဲ့ပါတယ်။

အဲဒီ အနီးက ပန်းကိုင်ဆိုတဲ့ ချင်းရွာမှာလည်း အိမ်တွေ မြစ်ရေထဲ ပါကုန်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ရေကြီးပြီး ရေပြန်ကျသွားတာ အခုအခါ ရက်ပေါင်း ၂၀ ကျော်သွားပြီ ဖြစ်ပေမယ့် ရေဘေးဒဏ်ကို ခံခဲ့ရတဲ့သူ အများစုကတော့ အိမ်တွေကို ပြန်မဆောက်နိုင်သေးကြပါဘူး။

အများစုက သိုလှောင်ထားတဲ့ ဝမ်းစာ စပါးတွေ ရေနစ်မြုပ်ခဲ့သလို အိမ်တွေလည်း ပြိုပျက်သွားခဲ့တဲ့ အတွက် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေကြရပြီး နိုင်ငံတော် အစိုးရ ရဲ့ ပြန်လည်ထူထောင်ရေး ကို မျှော်လင့် နေကြတာကို တွေ့ခဲ့ရတယ်လို့ အဲဒီဒေသ ကိုရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။