မဲဆောက် အထူးစီးပွားရေးဇုံ အမြန်ဆုံး ဖွင့်ဖို့ ထိုင်းဆောင်ရွက်

Image caption မဲဆောက် အထူးစီးပွားရေးဇုံကို ၂နှစ်အတွင်း ဖွင့်နိုင်လောက်အောင် အခြေခံ လိုအပ်ချက်တွေ ဆောင်ရွက်ထားပြီးပြီလို့ တာ့ခ်ခရိုင် ဒုအုပ်ချုပ်ရေးမှူးပြော

ထိုင်းနိုင်ငံ မဲဆောက်မြို့က အထူး စီးပွားရေး ဇုံကို အမြန်ဆုံး ဖွင့်လှစ်နိုင်အောင် လက်ရှိ ထိုင်းအစိုးရက တွန်းအားပေး ဆောင်ရွက် နေတယ်လို့ ဗဟိုကနေ မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ ထိုင်းအစိုးရ တာ၀န်ရှိသူ တွေက ပြောပါတယ်။

မဲဆောက်က ထိုင်း အထူးစီးပွားရေးဇုံဟာ လက်ရှိ ထိုင်းအစိုးရက အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ ထိုင်း၊ မြန်မာ နယ်စပ် ၃ နေရာနဲ့ မလေးရှားနဲ့ ကမ္ဘောဒီးယား နယ်စပ်တွေ အပါအ၀င် ၅ နေရာရှိတဲ့ အထဲမှာ ပထမဆုံး ဖွင့်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်တဲ့ နေရာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းဆောက်လုပ်ရေးနဲ့ မြို့ပြ စီမံကိန်းဌာနက ရေးဆွဲထားတဲ့ မဲဆောက် အထူးစီးပွားရေးဇုံ မြို့ကွက် တိုးချဲ့ရေး အတွက် မြေပုံကို ဒီဌာနက အကြီးတန်း အရာရှိတွေနဲ့ ပညာရှင်တွေ သြဂုတ်လ ၂၆ရက်မှာ မဲဆောက်မြို့က ဒေသခံတွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေး ညှိုနှိုင်း ခဲ့ကြပါတယ်။

ညှိုနှိုင်းပြီး သွားရင် မဲဆောက် အထူးစီးပွားရေးဇုံကို ၂ နှစ်အတွင်းမှာ ဖွင့်နိုင်လောက်အောင် အခြေခံ လိုအပ်ချက်တွေကို ဆောင်ရွက်ပြီးထားသလောက် ဖြစ်နေပြီလို့ တာ့ခ်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး နိုင်ဆွတ္ထာ ဆိုင်ဝါနစ် က ဘီဘီစီကို ပြောပါတယ်။

အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မြို့တော်ကနေ မဲဆောက်အထိ အဝေးပြေး လမ်းမ တည်ဆောက် ပြီးသွားပြီး ဖြစ်သလို မဲဆောက်ကို လေကြောင်းလိုင်းတွေ အများကြီး ပြေးဆွဲနေပြီ ဖြစ်ကြောင်း၊ လေယာဉ်ကွင်း တိုးချဲ့ဖို့ လုပ်နေပြီး ဆေးရုံ ၃ ရုံ၊ တက္ကသိုလ်၊ ဟိုတယ်တွေကို နိုင်ငံတကာက လာပြီး ရင်းနှီးမြှုပ်နှံဖို့ အားလုံး အသင့် ဖြစ်နေပြီမို့ အခုမြို့ကွက် တိုးချဲ့ရေး စီမံကိန်းကို ဒေသခံတွေနဲ့ ညှိုနှိုင်းလို့ ပြီးသွားရင် မကြာခင် အချိန်အတွင်း အထူးစီးပွားရေးဇုံ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာဖက်ခြမ်း မြ၀တီ - ကော့ကရိတ် အဝေးပြေးလမ်းကိုလည်း ဖောက်လုပ် ပြီးစီးနေပြီ ဖြစ်ပြီး ချစ်ကြည်ရေး တံတား နောက်တစင်းကိုပါ တည်ဆောက်ဖို့ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မဲဆောက် အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့အတွက် ဗဟိုအစိုးရက လက်ခံဖို့နဲ့ ထိုင်းအခြေခံဥပဒေမှာ ပြင်ဆင်မှုတွေ လုပ်ဖို့ မဲဆောက်မြို့တော်၀န်နဲ့ ဒေသခံ ကုန်သည်ကြီးများ အသင်းတွေ ဆောင်ရွက်ခဲ့တာ အခုဆိုရင် ၁၀ နှစ်တောင် ရှိသွားပါပြီ။

အဲဒီ ကာလအတွင်း အစိုးရ အပြောင်းအလဲတွေကြောင့် ကြံ့ကြာလာပေမယ့် အခု အစိုးရ လက်ထက်မှာတော့ အစိုးရ ကိုယ်တိုင်က ဦးစီးပြီး မဲဆောက် အထူးစီးပွားရေးဇုံကို အမြန်ဆုံး ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။