ဗကသကျောင်းသားတွေ အိုးဘိုထောင်မှာ တိုက်ပိတ်ခံထားရလို့ စိုးရိမ်

_students_myanmar ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင် တွေ ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား တွေ နဲ့ ပတ်သက်တဲ့ အခြေအနေ တွေ အပေါ် အာရုံ စိုက်မှု မရှိတော့ ဘူး လို့ ဝေဖန်နေ။

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက် ခဲ့တဲ့ အတွက် မန္တလေးမြို့ အိုးဘိုထောင်မှာ ဖမ်းဆီး ခံထားရပြီး အမှု ရင်ဆိုင် နေရ တဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ အဖွဲ့ဝင် ကျောင်းသား ၄ ဦး ဟာ တိုက်ပိတ် ပြစ်ဒဏ် တွေ ထပ်ဆင့် ချခံ နေရလို့ အလွန် စိုးရိမ် ရတယ် ဆိုပြီး နိုင်ငံရေး အကျဉ်းသား တွေ အရေး လှုပ်ရှား နေသူ တွေ က ပြောပါတယ်။

မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းသား တွေ ဖြစ်တဲ့ အဲဒီ့ ဗကသ ကျောင်းသား ၄ ယောက် ဟာ စာမေးပွဲ ဖြေဆိုဖို့ ပြီးခဲ့တဲ့ သီတင်းပတ် က အာမခံ လျှောက်ထား ခဲ့ပေမယ့် ပယ်ချ ခံခဲ့ ရပြီးတဲ့ နောက် ကျောင်းသား တစ်ယောက် အစာငတ်ခံ ဆန္ဒပြ လာတဲ့ အပေါ် ထောင် အာဏာပိုင် တွေက တုန့်ပြန်ပြီး ကျောင်းသား ၄ ယောက် စလုံးကို ဩဂုတ် လ ၂၁ ရက် နေ့ ကတည်း က တိုက်ပိတ် ပြစ်ဒဏ် တွေ ပေးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့် ရှောက် ရေး အသင်း AAPP က ပြောပါတယ်။

အိုးဘိုထောင် ထဲ မှာ တိုက်ပိတ် ခံနေရတဲ့ ကျောင်းသားတွေ က တော့ ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး နဲ့ ကိုဉာဏ်လင်းထက် တို့ ဖြစ်ပါတယ်။

အစာငတ်ခံ ဆန္ဒပြ ရတဲ့ အကြောင်းအရင်း နဲ့ ပတ်သက်ပြီး ကျောင်းသား တွေ နဲ့ စေ့စပ် ဆွေးနွေး တာမျိုး မလုပ်ပဲ အခုလို တိုက်ပိတ် လိုက်တာ ဟာ မြေရှင် ပဒေသရာဇ် ကို ပြန်သွားရာ ရောက် တယ် လို့ AAPP အသင်းရဲ့ အတွင်းရေးမှုး ကိုဘိုကြည် က ဝေဖန် ပါတယ်။

မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်း လဲရေး ကာလ ဆိုတဲ့ ဒီနေ့ အချိန် မှာ အဓိက ကျတဲ့ နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင် တွေ ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား တွေ နဲ့ ပတ်သက်တဲ့ အခြေအနေ တွေ အပေါ် အာရုံ စိုက်မှု မရှိတော့ ဘူး ဆိုပြီး တော့လည်း ကိုဘိုကြည် က ဝေဖန် ပါတယ်။

အခုလို ၂၀၁၅ ရွေးကောက်ပွဲကြို ကာလ မှာ အာဏာပိုင် တွေ ဘက် က တရားမျှတ လွတ်လပ်ပြီး အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပ ပေးမယ် ဆိုတာ ပြသ ချင်တယ် ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေး ရ မယ် လို့ ကိုဘိုကြည် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ